
မက္ကဆီကန်သတင်းထောက် ဖရန်စစ္စကို လီဗာဟာ မက္ကဆီကိုနိင်ငံ အိုအာဆာကာပြည်နယ် တောင်ပိုင်းမှာ သေဆုံးနေတာကို ဇူလိုင် ၂၂ ရက်မှာ တွေ့ရှိပါတယ်။
ဒါဟာ မက္ကဆီကိုနိုင်ငံထဲမှာ ဇွန်လကစပြီး သတင်းထောက်တွေကို ၄ ယောက်မြောက် သတ်ဖြတ်ခံရတာလို့ ပြည်နယ်ရှေ့နေချုပ်ရုံးက ပြောပါတယ်။
ပြည်နယ်ရှေ့နေရုံးက လူသတ်မှုကို စတင်စုံစမ်းစစ်ဆေးနေပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဆန့်ကျင်တဲ့ ရာဇ၀တ်မှုဆိုင်ရာ အထူးရှေ့နေရုံးဆီကနေ အကူအညီတောင်းခံထားတယ်လို့ ကြေညာချက်တစောင်မှာ ဖော်ပြပါတယ်။
အသက် ၆၀ အရွယ် လီဗာဟာ အိုအာဆာကာပြည်နယ်မှာ လှုပ်ရှားနေတဲ့ ရာဇ၀တ်အဖွဲ့တွေနဲ့ ဆက်စပ်နေတဲ့ အစိုးရရဲ့ အဂတိလိုက်စားမှုနဲ့ အကြမ်းဖက်မှုတွေကို ဖော်ထုတ်တဲ့ သတင်းတွေကို အဓိက ရေးသားသူလည်း ဖြစ်ပါတယ်။
သူဟာ တခြားသတင်းထောက်တွေလိုပဲ အစိုးရကို ဝေဖန်တဲ့ သတင်းထောက်တယောက် ဖြစ်ပြီး နေ့တိုင်း မေးခွန်းထုတ်ဖို့၊ ပြဿနာတွေကို ထောက်ပြဖို့၊ သူတို့ရဲ့အမြင်တွေကို လွတ်လွတ်လပ်လပ် ဖော်ပြဖို့ အခွင့်အရေးကို ကျင့်သုံးတယ်လို့ အိုအာဆာကာပြည်နယ် အုပ်ချုပ်ရေးမှူး ဆာလိုမွန် ဂျာရာက လူမှုမီဒီယာမှာ ရေးပါတယ်။
မက္ကဆီကိုဟာ စစ်ပွဲဇုန်ပြင်ပ သတင်းထောက်တွေအတွက် ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံးနိုင်ငံတွေထဲက တနိုင်ငံအဖြစ် သတ်မှတ်ခံထားရပါတယ်။
သတင်းထောက်တွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု အများစုဟာ အပြစ်ပေးမခံရဘူးလို့လည်း သတင်းလွတ်လပ်ခွင့်အဖွဲ့တွေက ဆိုပါတယ်။
ဇူလိုင်လ အစောပိုင်းမှာ မက္ကဆီကို အာဏာပိုင်တွေက ဗေရာခရုဇ်ပြည်နယ်က အိမ်ခြံမြေတခုမှာ တွေ့ခဲ့တဲ့ ရုပ်ကြွင်းတွေဟာ လက်နက်ကိုင်အဖွဲ့တဖွဲ့ရဲ့ ပြန်ပေးဆွဲခံခဲ့ရတဲ့ သတင်းထောက် ရိုဇာနာ ဂတ်ဇ်မန်းရဲ့ ရုပ်ကြွင်းတွေလို့လည်း အတည်ပြုခဲ့ပါတယ်။
သတင်းထောက် လူးဝစ် အိန်ဂျယ်လိုပက်ဇ်နဲ့ မန်နျူရယ် မိုရီနိုတို့လည်း ဇွန်လမှာ သူတို့ရဲ့ သတင်းနဲ့ဆက်စပ်ပြီး သတ်ဖြတ်ခံခဲ့ရတယ်လို့ Article 19 အဖွဲ့အစည်းက ဆိုပါတယ်။
မက္ကဆီကိုနိုင်ငံမှာ ၂၀၂၆ ခုနှစ်အတွင်း သတင်းထောက် ၅ ယောက်ထက်မနည်း သတ်ဖြတ်ခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့နှစ်က သတင်းထောက် ၇ ယောက် သတင်းယူနေချိန်မှာ သတ်ဖြတ်ခံခဲ့ရတယ်လို့ Article 19 ရဲ့ အချက်အလက်တွေက ပြထားပါတယ်။
မက္ကဆီကိုနိုင်ငံမှာ မနှစ်က သတင်းထောက် ၉ ယောက် သတ်ဖြတ်ခံခဲ့ရပြီး နောက်ဆုံး ၃ နှစ်အတွင်း အသေအပျောက် အများဆုံးနှစ် ဖြစ်တယ်လို့ နယ်ခြားမဲ့ သတင်းထောက်များအဖွဲ့က ပြောထားပါတယ်။
Source: Reuters











