DVB Logo
Home
မြန်မာသတင်း
မင်းကင်းနှင့် စစ်ကိုင်းတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွား
DVB
·
December 10, 2021
မင်းကင်းနှင့် စစ်ကိုင်းတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွား
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းနဲ့ စစ်ကိုင်းမြို့တို့မှာ စစ်ကောင်စီတပ်ဖွဲ့၊ ပျူစောထီးတပ်ဖွဲ့တွေနဲ့ ဒေသခံပြည်သူ ကာကွယ်ရေးတပ်တို့ တိုက်ခိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မင်းကင်းမြို့နယ် သင်တောကျေးရွာအနီး ခတ်လုံတောင်ခြေမှာ ဒီဇင်ဘာ ၉ ရက်နေ့ ညနေ ၄ နာရီလောက်က ကကုန်းကြောင်းနယ်မြေ ရှင်းလေးရေးလုပ်တဲ့ စစ်ကောင်စီတပ်သားတွေ PDF တပ်ဖွဲ့က ထောင်ထားတဲ့ မိုင်းမိခဲ့တယ်လို့ ဒေသခံရွာသားတွေဆီကနေ သိရပါတယ်။

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်အတွင်း ဒီဇင်ဘာ ၉ ရက်နေ့က ချင်းတွင်းမြစ်အတွင်းနဲ့ ကုန်းကြောင်းမှာရော စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲ ၄ နေရာထက်မနည်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ဒီကောင်တွေ တောင်ဖြူ-ပန်းဆက်ဘက်ကနေ ချင်းတွင်းမြစ်အတွင်းက ကျောက်မော်တော် ဖလက်ခွံတွေကို ဒေသခံကာကွယ်ရေးတပ်က ခုခံရမှာကို ကာကွယ်တဲ့အနေနဲ့ ကုန်းကြောင်း တစ်လျှောက် အင်အား ၁၅၀ လောက်နဲ့ တက်လာတယ်လို့ ကျနော်တို့သိတာနဲ့ ကုန်းကြောင်း ပြင်ဆင်တာတွေ မနက်ခင်းကတည်းက ကြိုလုပ်ထားတာဗျ။ ညနေပိုင်းမှာ ဒီကောင်တွေတက်လာပြီး မိုင်းမိသွားတယ်။ အထိခိုက်ကတော့ အတိကျမသိဘူးဗျ။ အဝေးကနေပဲ မြင်ရတာဆိုတော့ ခန့်မှန်းခြေ ၉ ဦး၊ ၁၀ ဦးလောက်တော့ ကျဆုံးနိုင်တယ်။ အများအပြားဒဏ်ရာရတာတွေ ရှိနိုင်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က အကျအဆုံး အပျက်စီးများရှိခဲ့ပြီး ဒေသခံပြည်သူကာကွယ်‌ရေးတပ်တွေ ဘက်ကတော့ အထိခိုက်အကျဆုံးမရှိဘူးလို့ သိရပါတယ်။

စစ်ကိုင်းမြို့နယ်၊ ညောင်ငုပ်တိုကျေးရွာက ပျူစောထီးအဖွဲ့ဝင် ဦးထွန်းဝေနေအိမ်မှာ  ဒီဇင်ဘာလ ၉ ရက် ညနေ ၄ နာရီဝန်းကျင် အဖွဲ့ဝင် ၁၅ ဦးလောက် အစည်းအဝေးပြုလုပ်နေစဉ် ဒေသတွင်း PDF က ဝိုင်းဝန်းတိုက်ခိုက်ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီး ပျူစောထီး တစ်ဦး သေဆုံးကာ အများအပြား ဒဏ်ရာရတယ်လို့ သိရပါတယ်။

“ညောင်ငုပ်တိုရွာက ဦးထွန်းဝေ ဆိုတာ တက္ကသိုလ်ကျောင်းသားနှစ်ယောက်ကျဆုံးခဲ့တဲ့ ဆားတောင်အနီးက PDF စခန်းငယ်တခုကို ဒလန်လုပ်ဖမ်းဆီးခိုင်းခဲ့တဲ့သူပေါ့။ သူတို့အစည်းအဝေး လုပ်နေတယ်ဆိုတာ သတင်းရလို့ သွားပြီးတိုက်ခိုက်တော့ တူမီးသေနတ်တွေနဲ့ပြန်ပစ်တယ်။ အပြန်အလှန်ပစ်ခတ်ကြပြီး သူတို့ဘက်က တစ်ဦးကတော့ သေသွားတယ်။ ဒဏ်ရာရသူတွေလည်း တော်တော်များတယ်” လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

အခုတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် PDF တပ်ရင်း(၁) တပ်ခွဲ(၁)က ကျားသစ်ဦးဆောင်တဲ့ ၅ ဦးပါအဖွဲ့က သွားရောက်နယ်မြေရှင်းလင်းခဲ့တာဖြစ်ပြီး ၁၅ မိနစ်လောက် အပြန်အလှန် တိုက်ပွဲငယ်ဖြစ်ပွားခဲ့ကာ PDF တပ်ဖွဲ့ဘက်က အထိအခိုက်မရှိ ပြန်လည်ခွာစစ်ဆင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီက နယ်မြေခံပျူစောထီးအဖွဲ့ဝင်တွေကို လက်နက်တပ်ဆင်ပေးပြီး ခုခံတိုက်ခိုက်ရေးနဲ့ သတင်းအချက်အလက်ရရှိနိုင်ရေးအတွက် မွေးမြူနေသလို စစ်အင်အားလျော့နည်းလာတဲ့ နေရာတွေကိုလည်း လူစားထိုးအသုံးချနေတယ်လို့ ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013