DVB Logo
Home
မြန်မာသတင်း
PDF များကိုပွဲထုတ် ပူးပေါင်းစစ်ဆင်ရေးလုပ်နေဟု ကေအန်ယူ တပ်မဟာ ၅ ပြော
DVB
·
December 9, 2021
PDF များကိုပွဲထုတ် ပူးပေါင်းစစ်ဆင်ရေးလုပ်နေဟု ကေအန်ယူ တပ်မဟာ ၅ ပြော
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ- ၅ က ပြည်သူ့ကာကွယ်ရေးတပ် (PDF)တွေကို ပွဲထုတ်ပြီး ပူးပေါင်းစစ်ဆင်ရေး  ပြုလုပ်နေတယ်လို့ တပ်မဟာ ၅  ပြောခွင့်ရသူ  ပဒိုမန်းမန်းက ပြောပါတယ်။

ကေအန်ယူမူတြော်ခရိုင် အနေနဲ့ စစ်အာဏာသိမ်းပြီးကတည်းက CDMတွေအပါအဝင် Gen Z တွေကို လက်ခံ ခိုလှုံခွင့်ပေးခဲ့သလို အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေ ဖွဲ့စည်းချိန်မှာလည်း  သင်တန်းပေးတာအပါအဝင် ပူးပေါင်းဆောင်ရွက်မှုတွေဟာ အခြေခံအားဖြင့် ရှိပြီးသားဖြစ်တယ်လို့ ပဒိုမန်းမန်းကပြောပါတယ်။

ဒါကြောင့် မြို့တွင်းပျောက်ကျားစစ်ဆင်ရေးအပြင် မြေပြင်ရင်ဆိုင်တိုက်ပွဲတိုက်ခိုက်မှုတွေကိုလည်း လေ့ကျင့်ပေးရမှာဖြစ်တဲ့အတွက် အခုလို ပူးပေါင်းစစ်ဆင်ရေးတွေမှာ ပါဝင်တိုက်ခိုက်စေတာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံတဝန်း PDFတပ်တွေ များစွာရှိနေပြီး အားလုံးဟာ စစ်ကောင်စီပြုတ်ကျရေးအတွက် ပူးပေါင်းတိုက်ပွဲဝင်ရမှာ ဖြစ်တယ်လို့ဆိုပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ဝန်ကြီးဌာနအောက်မှာ PDF အားလုံးပါဝင်လာဖို့လိုအပ်ပြီး အဲဒီလိုဖြစ်အောင်လည်း ကြိုးစားကြဖို့ ပဒိုမန်းမန်းက တိုက်တွန်းပါတယ်။

လက်ရှိမှာတော့ ကေအန်ယူအနေနဲ့ နယ်မြေတွေပြန်လည်ရရှိနိုင်ရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ စစ်ရေးတွေမှာ စိုးမိုးနိုင်ရေးအတွက် လူထုတိုက်ပွဲနဲ့ အတူ ကြိုးစားဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း ဒေသအလိုက်ဖွဲ့စည်းထားတဲ့ ကာကွယ်ရေးတပ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့အတွက် အထူးအလုပ်အဖွဲ့ဖွဲ့စည်းပြီး ချိတ်ဆက်ဆောင်ရွက်နေသလို လက်ရှိမှာလည်း ဒေသဆိုင်ရာကာကွယ်ရေးတပ်တွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်နဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ပြီလို့ NUG ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

KNLA တပ်မဟာ  (၅) လက်အောက်ခံတပ်တွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်နေ့က မထောကျေးရွာကနေထွက်ခွာလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်က တယောက်သေ တယောက်  ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။ 

ဒါ့အပြင် KNLAတပ်ဖွဲ့ဝင်တွေနဲ့ PDF တွေပူးပေါင်းပြီး စစ်ကောင်စီစစ်ကြောင်းကို ပြောက်ကျားဝင်တိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၄ ယောက်သေပြီး ၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အလားတူ ကေအန်ယူ တပ်မဟာ ၁ နယ်မြေထဲမှာလည်း စစ်ကောင်စီတပ် အင်အား ၅၀ ကျော်လောက် ကျူးကျော်ဝင်ရောက်လာပြီး တပ်စွဲထားတာကြောင့် ကေအန်ယူနဲ့ NUG လက်အောက်ခံ အမှတ်(၁) PDF တို့ပူးပေါင်းပြီးဒီဇင်ဘာ ၉ ရက် ညနေ ၅နာရီခွဲဝန်းကျင်မှာသွားရောက်တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ပွဲမှာ ကေအန်ယူနဲ့ PDF ဘက်က ထိခိုက်ကျဆုံးမရှိခဲ့သလို စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကိုလည်း မသိရသေးဘူးလို့ အဲဒီတိုက်ပွဲမှာပါဝင်ခဲ့တဲ့ PDF တပ်ဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။

အခုလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သွားရောက်တိုက်ခိုက်တာဟာ ကြည့်မြင်တိုင်မြို့နယ်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ပြည်သူတွေကို ကားနဲ့အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်တာကို လက်စားချေတဲ့အနေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာလို့လည်းဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ပြည်သူတွေကို ထပ်ပြီး အနိုင်ကျင့် ညှဉ်းပန်းနှိပ်စက်နေဦးမယ် ဆိုရင် အခုထက်ပိုပြင်းထန်တဲ့ စစ်ဆင်ရေးတွေနဲ့ တုံ့ ပြန်သွားမည် လို့လည်း အဲဒီတိုက်ပွဲမှာပါဝင်ခဲ့တဲ့ PDF တပ်ဖွဲ့ဝင်တစ်ယောက်က ဒီဲဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013