DVB Logo
Home
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
နေရွှေဝင်းစက်ရုံက ဆန္ဒပြအလုပ်သမားများကို အလုပ်ရပ်စဲခြင်းမရှိဟု ထုတ်ပြန်လာ
DVB
·
May 17, 2026
Photo: Shwe Pyi thar garment union
Photo: Shwe Pyi thar garment union
Donate to DVB

 

အလုပ်သမားသမဂ္ဂဝင်တွေကို အလုပ်ထုတ်လိုက်လို့ အငြင်းပွားမှုဖြစ်နေတဲ့ နေရွှေဝင်း အထည်ချုပ်စက်ရုံက ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ အလုပ်သမားတွေကို အလုပ်ရပ်စဲတာမရှိဘူးလို့ စက်ရုံဘက်က မေ ၁၆ ရက်မှာ အသိပေးချက်ထုတ်ပါတယ်။

လက်ရှိမှာ ဆန္ဒပြတောင်းဆိုတဲ့အလုပ်သမားတွေကို လုပ်ငန်းခွင် ပြန်ဝင်နိုင်တယ်လို့ ဆိုလာပေမဲ့ အရင်ဆုံး အလုပ်ထုတ်ခံရတဲ့ အလုပ်သမားသမဂ္ဂဝင်တွေကိုတော့ ပြန်လက်ခံမဲ့သဘော မတွေ့ရဘူးလို့ အဲဒီ စက်ရုံအလုပ်သမားတယောက်က ပြောပါတယ်။

“အကြီးပိုင်းတွေ ဘယ်လို ဆုံးဖြတ်မလဲမသိသေးဘူး။ အခုထိတော့ တိုင်ပင်နေကြတယ်တဲ့”

အလုပ်ထုတ်လိုက်တဲ့ သမဂ္ဂဝင်တွေကို လုပ်ငန်းခွင်ပြန်ဝင်ခွင့်ပေးဖို့ အလုပ်သမားတွေက မေ ၁၁ ရက်မှာ တောင်းဆိုခဲ့ကြတာကို စက်ရုံဘက်ကလက်မခံဘ တောင်းဆိုတဲ့အလုပ်သမား ၈၅ ယောက်ကိုလည်း လုပ်ငန်းခွင်ထဲ ဝင်ရောက်လိုခြင်းမရှိသူတွေလို့ဆိုပြီး မေ ၁၂ ရက်ကစလို့ စက်ရုံခြံဝင်းအတွင်း ဝင်ရောက်ခွင့်ပြုမှာမဟုတ်ကြောင်း စာထုတ်သတိပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီလိုပေးမဝင်တဲ့အတွက် အလုပ်သမားတွေက မြို့နယ်သမဂ္ဂအဖွဲ့ဆီ အကူညီတောင်းခဲ့ပြီး အလုပ်သမားရုံးမှာ ညှိနှိုင်းဆွေးနွေးဖို့ လုပ်နေချိန်မှာမှ အလုပ်ရပ်စဲတာမရှိဘူးလို့ နေရွှေဝင်းစက်ရုံက ငြင်းဆိုလာသလို လုပ်ငန်းခွင်ပြန်ဝင်မယ်ဆိုရင် ကြိုဆိုတယ်လို့ ပြောပါတယ်။

နေရွှေဝင်းစက်ရုံ HR မန်နေဂျာ လက်မှတ်ထိုးထုတ်ထားတဲ့စာထဲမှာ စက်ရုံခြံဝင်းထဲ ဝင်ခွင့်မပေးဘူးဆိုလို့ လုပ်ငန်းခွင်မဝင်တဲ့သူတွေကို နေအိမ်မှာ အနားယူနေပြီး အလုပ်ဝင်ဖို့ ပျက်ကွက်သူတွေလို့ အပြစ်တင်ပြောဆိုထားပါတယ်။

ဒါ့အပြင် သပိတ်မှောက်တောင်းဆိုတာကို အကြောင်းပြပြီး မေ ၁၈ ရက်အထိ နေအိမ်မှာပဲ ဆက်နေမယ်ဆိုရင် မိမိဆန္ဒအလျောက် အလုပ်ကနေ နုတ်ထွက်တယ်လို့ မှတ်ယူသွားမယ်လို့လည်း ထပ်ပြီး သတိပေးခြိမ်းခြောက်ထားပါတယ်။

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်မှာရှိတဲ့ နေရွှေဝင်း အထည်ချုပ်စက်ရုံမှာ မေလ ၁၁ ရက်က အလုပ်သမား ၁၀၀ ကျော် အလုပ်ဖြုတ်ခံရတဲ့ ဖြစ်စဉ်ဟာ လက်ရှိအချိန်အထိ ညှိနှိုင်းတာ အဆင်ပြေသေးဘဲ အလုပ်သမားတွေဟာ အလုပ်ရှင်ဘက်က ခြိမ်းခြောက်တာကို ခံနေရတယ်လို့ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေဘက်က ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၉ ရက်က နေရွှေဝင်းစက်ရုံမှာ ကုန်ကြမ်းနဲ့ အော်ဒါနည်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သမဂ္ဂခေါင်းဆောင်တွေ ပါဝင်တဲ့ အလုပ်သမား ၁၉ ယောက်ကို စတင် အလုပ်ထုတ်ခဲ့တာပါ။

အဲဒီနောက် မေလ ၁၁ ရက်နေ့မှာ အလုပ်သမား ၁၀၃ ယောက်က အလုပ်ထုတ်ခံရတဲ့ သမဂ္ဂ ခေါင်းဆောင်တွေကို အလုပ်ပြန်ခန့်ပေးဖို့ စုပေါင်းတောင်းဆိုခဲ့ကြပေမဲ့ စက်ရုံဘက်က တောင်းဆိုတဲ့ အလုပ်သမား ၁၀၀ ကျော်ကိုပါ အလုပ်ဖြုတ်လိုက်တာ ဖြစ်ပါတယ်။ 

အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမားတယောက်က “အလုပ်သမားတွေကို ဥပဒေအရ အရေးယူပြီးတော့မှ နစ်နာကြေးမပေးဘဲ အလုပ်ဖြုတ်မယ်လို့ ခြိမ်းခြောက်ပါတယ်။ အလုပ်ရှင်ဘက်ကတော့ အလုပ်သမားတွေကို လုပ်ငန်းခွင်အတွင်း ပြန်လည်လက်သင့်ခံပါမယ် ပြောပြီးတော့ Day ကြေးလည်း မပေးနိုင်ဘူး၊ ရက်မှန်ကြေးလည်း မပေးနိုင်ဘူး။ ကျွမ်းကျင်ကြေးလည်း ဖြတ်မယ် ပြောပါတယ်။ အလုပ်သမားတွေဘက်ကတော့ အဲဒီအပေါ်မှာ ကျေနပ်မှု မရှိဘူး။ သူတို့က အလုပ်ရှင်က မဝင်ခိုင်းလို့ စက်ရုံထဲကို မဝင်တာ ဖြစ်တဲ့အတွက် သူတို့ရဲ့ Day ကြေး၊ ရက်မှန်ကြေး၊ ကျွမ်းကျင်ကြေးတွေ မဖြတ်ဖို့ ပြောပါတယ်။ ဒီလိုမျိုး Day ကြေး၊ ရက်မှန်ကြေးတွေ မပေးဘဲနဲ့တော့ စက်ရုံတွင်းကို ပြန်မဝင်နိုင်ဘူးဆိုပြီး ကျနော်တို့က ပြောဆိုပြီးတော့ ဆွေးနွေးညှိနှိုင်းမှုကို ဖျက်သိမ်းခဲ့ပါတယ်”လို့ ပြောပါတယ်။

စက်ရုံမှာ အလုပ်ထုတ်တဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး မေ ၁၄ ရက်၊ နေ့လယ်ပိုင်းက ရွှေပြည်သာမြို့နယ် အလုပ်သမားရုံးမှာ တကြိမ် ညှိနှိုင်းခဲ့သလို၊ မေလ ၁၅ ရက် နေ့လယ်ပိုင်းကလည်း စက်မှူဇုန် (၁) စီမံခန့်ခွဲရေး ကော်မတီ ရုံးမှာ ထပ်မံ တွေ့ဆုံညှိနှိုင်းခဲ့ပေမဲ့ အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေအပေါ် ပြေလည်မှု မရရှိခဲ့တာ ဖြစ်ပါတယ်။

နေရွှေဝင်းစက်ရုံက အလုပ်သမားတွေဟာ ၂၀၂၆ မတ်လ ၂၃ ရက်ကတည်းက သမဂ္ဂဖွဲ့ဖို့ မြို့နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (အ.လ.ည) မှာ တင်ပြထားပါတယ်။

ဒါပေမဲ့ သမဂ္ဂဖွဲ့ဖို့ ကြိုးစားနေတဲ့အချက် ပေါက်ကြားသွားပြီးနောက် အလုပ်သမားခေါင်းဆောင်တွေနဲ့ လုပ်သက်ရင့် ဝန်ထမ်းတွေကို စတင် အလုပ်ထုတ်ခဲ့တာလို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

လက်ရှိမှာတော့ အလုပ်သမားတွေဘက်က နေရွှေဝင်းစက်ရုံနဲ့ လက်တွဲလုပ်ကိုင်နေတဲ့ နိုင်ငံတကာ Brand ကုမ္ပဏီတွေဆီ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေအကြောင်း တိုင်ကြားထားသလို သက်ဆိုင်ရာ အလုပ်သမားဦးစီးဌာနကိုလည်း အရေးယူပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။

STUM အဖွဲ့ ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးက “ဒီအလုပ်သမားသမဂ္ဂတွေ ဖြိုခွင်းတာ၊ အလုပ်သမား ၁၀၀ လုံး ဆုံးရှုံးတာပေါ့။ ဒါမျိုးတွေက ကျမတို့ နိုင်ငံမှာ ရှိနေဦးမှာပဲ။ ဘာလို့လဲဆိုတော့ ဥပဒေအရက လုပ်ချင်တိုင်း လုပ်လို့ရနေတာကိုး။ အလုပ်သမားကို အလုပ်ဖြုတ်ချင်တိုင်း ဖြုတ်လို့ရနေတယ်။ ဒါကို မတားမြစ်နိုင်ဘူး။ ဥပဒေ ဘယ်လောက်ပဲ ထုတ်ထားထား၊ ဒီ ဥပဒေကို ကိုင်တွယ် ကျင့်သုံးနေတဲ့သူတွေအနေနဲ့က လုပ်ငန်းရှင်တို့ အပေါ်မှာ မာမာတင်းတင်း မပြောရဲဘူး။ ဒါကလည်း ဟိုးအစဉ်အဆက် ၂၀၁၀-၁၁ အလုပ်သမားတွေ ပြဿနာကို ဖြေရှင်းချိန်ကစလို့ အခုချိန်ထိ အမြဲတမ်း အဲ့လိုပဲ ကြုံရတယ်။ အစုလိုက်အပြုံလိုက် အလုပ်ထုတ်ခံရတာ၊ အလုပ်သမား သမဂ္ဂဖွဲ့လို့ အလုပ်ထုတ်ခံရတာ၊ လျော်ကြေး မပေးတာ၊ ဒါကြောင့်လည်း ကျမတို့က ဒီလူတွေနဲ့အတူတူ ရပိုင်ခွင့်တွေကို တောင်းဆိုတာ မရပ်မနားဘဲ ဆက်သွားနေရတာပေါ့”လို့ ပြောပါတယ်။

အခုလို သမဂ္ဂအဖွဲ့ဝင်တွေကို ရည်ရွယ်ချက်ရှိရှိ အလုပ်ထုတ်တာဟာ မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားတဲ့ ILO ပြဋ္ဌာန်းချက်အမှတ် ၈၇ ဖြစ်တဲ့ “အသင်းအပင်း လွတ်လပ်စွာ ဖွဲ့စည်းခွင့်” ကို ချိုးဖောက်တဲ့လုပ်ရပ်ဖြစ်တယ်လို့လည်း အလုပ်သမားအဖွဲ့အစည်းတွေက ထောက်ပြပါတယ်။

နေရွှေဝင်းစက်ရုံဟာ အလုပ်သမား ၇၀၀ နီးပါးနဲ့ လည်ပတ်နေတဲ့ စက်ရုံ တရုံဖြစ်ပြီး၊ အီတလီ၊ ပြင်သစ်၊ ပါကစ္စတန်၊ ဂျာမဏီ၊ တူရကီ၊ ပိုလန်၊ တရုတ် စတဲ့ နိုင်ငံတွေက နိုင်ငံတကာ အမှတ်တံဆိပ်တွေကို ချုပ်လုပ်နေပြီး အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေကို ပြေလည်အောင် မဖြေရှင်းရင် တိုင်ကြားမှုတွေ ဆက်လုပ်သွားမယ်လို့ သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013