
အာဆီယံအနေနဲ့ မြန်မာပြည်သူတွေဘက်က မားမားမတ်မတ် ရပ်တည်ပြီး စစ်အာဏာရှင် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ရှုတ်ချဖို့ အာရှလူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် (FORUM-ASIA)၊ ALTSEAN-Burma နဲ့ ရှေ့ပြေးအသံ (Progressive Voice) အဖွဲ့တို့က ပူးတွဲကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
မေ ၁၉ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့ အရပ်သားပြည်သူတွေ၊ အခြေခံအဆောက်အအုံတွေအပေါ် အကြမ်းဖက် တိုက်ခိုက်နေမှုတွေအားလုံးကို ချက်ချင်းရပ်တန့်စေဖို့ အာဆီယံအနေနဲ့ တိကျ သေချာပြီး အချိန်ကာလ သတ်မှတ်ချက်ရှိတဲ့ စံနှုန်းတွေကို ချမှတ်ပေးဖို့ တိုက်တွန်းလိုက်တာပါ။
ဒါ့အပြင် အလားတူ လိုက်နာမှုမရှိပါက အကျိုးဆက်တွေ ခံစားရစေမဲ့ ပွင့်လင်းမြင်သာတဲ့ စောင့်ကြည့်စစ်ဆေးမှုတွလည်း ရှိရမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီပူးတွဲတောင်းဆိုချက်ဟာ ဖိလစ်ပိုင်နိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ ပြီးခဲ့တဲ့ မေ ၈ ရက်က စီဘူးမြို့မှာ ကျင်းပခဲ့တဲ့ ၄၈ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးအပြီး ထွက်ပေါ်လာခဲ့တာပါ။
အဆိုပါ ထိပ်သီးအစည်းအဝေးက မြန်မာ့အရေးအပေါ် အာဆီယံရဲ့ တုံ့ပြန်ဆောင်ရွက်မှု မရှုမလှ ကျရှုံးခဲ့ရခြင်းကို တကျော့ပြန် ဖော်ပြလိုက်ခြင်းလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
အမှန်စင်စစ် မြန်မာစစ်အုပ်စုအပေါ် အာဆီယံခေါင်းဆောင်တွေက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရာမှာ တိုးတက်မှု အနည်း ငယ်သာရှိခဲ့တယ်လို့ ဥက္ကဋ္ဌကိုယ်တိုင်က ဝန်ခံခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့်မို့ အာဆီယံအနေနဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ရေးဆိုတဲ့ ကတိကဝတ်တွေကို ဖြည့်ဆည်းဖို့ မြန်မာစစ်တပ် ခေါင်းဆောင်ပိုင်းကို အရေးယူမဲ့ ကမ္ဘာလုံးဆိုင်ရာနဲ့ဒေသဆိုင်ရာ ရာဇဝတ်မှုကြောင်းအရ တာဝန်ခံမှုယန္တရားတွေနဲ့ ပူးပေါင်းကာ ခိုင်မာတဲ့ ခြေလှမ်းတွေ လှမ်းဖို့ ပူးတွဲကြေညာချက်မှာ တိုက်တွန်းထားတာပါ။
ဒါ့အပြင် မြန်မာစစ်တပ်က အရပ်သားတွေအပေါ် မညှာမတာ စနစ်တကျ တိုက်ခိုက်နေတာ၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို ရည်ရွယ်ချက်ရှိရှိ စနစ်တကျ ပိတ်ဆို့နေတာ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတာတွေကို ပြင်းထန်စွာ ရှုတ်ချကြောင်းလည်း ဖော်ပြပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ကြောင့် ဖြစ်ပေါ်လာတဲ့ ဘက်စုံအကျပ်အတည်းကို ဖြေရှင်းဖို့အတွက် အာဆီယံက ဘုံသဘောတူညီချက် ၅ ရပ်ကို အဓိက ကိုးကားချက်အဖြစ် ဆက်လက်အသုံးပြုနေတဲ့အပေါ် စိုးရိမ်ပူပန်မိတယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာတော့ မြန်မာစစ်တပ် အကြမ်းဖက်မှုတွေကြောင့် ပြည်သူ ၃ ဒသမ ၇ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး လူပေါင်း ၁၂ သန်းကျော်ဟာလည်း အစာရေစာ ပြင်းထန်စွာ ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရသလို မြန်မာပြည်သူတွေဟာ အာဆီယံရဲ့ အရေးမယူမှုအတွက် သူတို့ရဲ့ အသက်တွေနဲ့ ရင်းနှီးပေးဆပ်နေရတယ်လို့ ဆိုပါတယ်။
ဒါကြောင့်မို့ အာဆီယံအနေနဲ့ နိုင်ငံခြားအစိုးရတွေအလယ်မှာ စစ်အာဏာရှင်ရဲ့ အရပ်သား အုပ်ချုပ်ရေးအတုကို တရားဝင်စေဖို့နဲ့ တိုးတက်မှုရှိနေသယောင် လုပ်ကြံဖန်တီးထားတဲ့ မင်းအောင်လှိုင်ရဲ့ စနစ်တကျ ပြဇာတ်ခင်းပြကွက်တွေအပေါ် အလှည့်စားမခံသင့်ကြောင်းလည်း ပူးတွဲထုတ်ပြန်ချက်ထဲမှာ ထောက်ပြထားပါတယ်။
အာဆီယံအနေနဲ့ နေရပ်စွန့်ခွာရသူတွေဆီ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု အကူအညီတွေ ပေးပို့နိုင်ရေး လွယ်ကူချောမွေ့အောင် ဆောင်ရွက်ဖို့၊ ထိရောက်တဲ့ အကူအညီပေးဝေမှုမှာ သက်သေပြပြီးသား မှတ်တမ်းကောင်းတွေရှိတဲ့ နယ်စပ်အခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ EROs တွေအပါအဝင် မြန်မာပြည်တွင်း ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို လူသားချင်းစာနာမှု တုံ့ပြန်ရေး လုပ်ငန်းစဥ် ဗဟိုချက်မှာ ထားရှိဖို့၊ စစ်တပ်ထိန်းချုပ်ထားတဲ့ ယန္တရားတွေကတဆင့် အကူအညီတွေ ပေးဝေတာမျိုးကို ပြတ်ပြတ်သားသား ငြင်းပယ်ဖို့လည်း တိုက်တွန်းထားပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်နဲ့ ထိတွေ့ဆက်ဆံမှုအားလုံးကို ရပ်တန့်ပြီး အာဆီယံရဲ့ လုပ်ငန်းစဉ်အားလုံးကနေ ဖယ်ထုတ်ဖို့၊ မြန်မာပြည်သူတွေရဲ့ တရားဝင်ကိုယ်စားလှယ်တွေဖြစ်တဲ့ NUG၊ EROs၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ ထိခိုက်ခံစားရတဲ့ လူမှုအသိုက်အဝန်းတွေနဲ့သာ သီးသန့် ထိတွေ့ဆက်ဆံဖို့လည်း ပူးတွဲကြေညာချက်မှာ တောင်းဆိုလိုက်ပါတယ်။
မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမတ်ဟာဆန်ဟာ မေ ၁၉ ရက်က နေပြည်တော်ကို နေ့ချင်းပြန်ခရီး သွားရောက်ကာ စစ်အာဏာရှင်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး အပြုသဘောဆောင်တဲ့ အရိပ်အယောင်တွေ တွေ့ရတယ်လို့ ခရီးစဉ်အပြီးမှာ ပြောကြားခဲ့ပါတယ်။
Photo: Reuters










