DVB Logo
Home
မြန်မာသတင်း
ချောင်းဆုံပြည်သူ ၁၀ ဦးထက်မနည်း အဖမ်းခံရ၊ သံဖြူဇရပ်နာကူအသင်းဝင် ၁ ဦးကို ထောင်ဒဏ် ချမှတ်
DVB
·
December 9, 2021
ချောင်းဆုံပြည်သူ ၁၀ ဦးထက်မနည်း အဖမ်းခံရ၊ သံဖြူဇရပ်နာကူအသင်းဝင် ၁ ဦးကို ထောင်ဒဏ် ချမှတ်
Donate to DVB

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်က CDM ဝန်ထမ်းနဲ့ အရပ်သားပြည်သူ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး သံဖြူဇရပ်မြို့နယ် နာရေးကူညီမှုအသင်းအဖွဲ့ဝင် ၁ ဦးကိုလည်း ထောင်ဒဏ် ချမှတ်လိုက်တယ်လို့  သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ချောင်းဆုံမြို့နယ် ကွမ်သဲကျေးရွာက ဒေသခံ‌တွေနဲ့ CDM ဝန်ထမ်းတွေကို ဒီဇင်ဘာ ပထမအပတ်ကစပြီး ဆက်တိုက်ဖမ်းဆီးလာခဲ့ပြီး လက်ရှိမှာတော့ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံထားရကာ ၅၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ တိမ်းရှောင်နေ ရတဲ့သူတွေက DVB ကို ပြောပါတယ်။

စစ်ကောင်စီကတော့ စစ်အာဏာရှင် ဆန္ဒပြပွဲပါဝင်တာ၊ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ဝေဖန်တာ အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ ဆက်သွယ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ လိုက်လံဖမ်းဆီးနေတာပါ။

ဖမ်းဆီးခံထားရတဲ့သူတွေထဲမှာတော့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ချောင်းဆုံမြို့နယ် CDM ဦးစီးအရာရှိ ဦးထက်ပြည့်စုံကို စစ်ကောင်စီက ၅၀၅(က)နဲ့ အမှုဖွင့်ထားက လူငယ်တချို့ ကိုတော့ စစ်ကြောရေးကို ပို့ဆောင်ထားပြီး တချို့က ဒီကနေ့အထိ မိသားစုနဲ့ အဆက်အသွယ် မရသေးဘူးလို့ ပြောပါတယ်။

စစ်ကောင်စီက ဖမ်းဆီးထားတဲ့သူတွေထဲမှာတော့ ပရဟိတလုပ်နေတဲ့သူတွေ၊ တက္ကသိုလ် ကျောင်းသားတွေ အများစုပါဝင်နေတာ ဖြစ်ပါတယ်။

ကွမ်သဲကျေးရွာဟာ NLD ပါတီကို အများစု ထောက်ခံကြတာဖြစ်ပြီး၊ လက်ရှိမှာတော့ စစ်ကောင်စီ တပ်ဖွဲ့တွေက ညတိုင်းလိုလို လာရောက် ဖမ်းဆီးတာတွေ လုပ်ဆောင်နေတဲ့အတွက် ကြောင့် ဒေသခံတွေပြည်သူတွေ စိုးရိမ်မှုတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။

ယာယီတပ်ရင်းမှူးအပါအဝင် စစ်သား ၆ ဦးရဲ့ ရုပ်အလောင်းအား ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက် ဖေ့ဘွတ်ခ်စာမျက်နှာပေါ်တင်ခဲ့တဲ့ သံဖြူဇရပ်မြို့နယ်က နာရေးကူညီမှုအသင်းအဖွဲ့ဝင် ဦးကျော်ဝင်း ကို စစ်ကောင်စီက ထောင်ဒဏ် ၁ နှစ်နဲ့ ၃ လ အမိန့်ချမှတ်လိုက်တယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတွေက DVB ကို ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ အောက်တို ၂၀ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLAနဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲ တွေဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ယာယီတပ်ရင်းမှူး ဗိုလ်မှူး သန်းဝင်းထွန်း အပါအဝင်  ၆ ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီဘက်က အလောင်းလာမကောက်လို့ သံဖြူဇရပ် နာရေး ကူညီမှုအသင်းက သွားရောက် ကောက်ယူပေးတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဦးကျော်ဝင်း က သယ်ဆောင်လာတဲ့ ရုပ်အလောင်းတွေကို သုသာန်မှာ ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက် ဖေ့ဘွတ်စ် စာမျက်ပေါ် တင်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်က သေဆုံးမှုကို ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက် ဖော့ဘုတ်စ်စာမျက်နှာအပေါ် တင်ခဲ့တဲ့အတွက်ကြောင့် စစ်တပ်မိသားစုဝင်တွေက ဦးကျော်ဝင်းကို အသရေဖျက်မှုနဲ့ တရားစွဲပြီးနောက် အောက်တိုဘာ နောက်ဆုံးအပတ်မှာ ထောင်ဒဏ် ၃ လ အမိန့်ချခဲ့တာပါ။

ဒါ့အပြင် စစ်ကောင်စီက ဦးကျော်ဝင်းကို ၅၀၅ (က)နဲ့ ထပ်မံ တရားစွဲဆိုခဲ့ပြီး ဒီကနေ့ ဒီဇင်ဘာ ၈ ရက်နေ့မှာ ကျိုက်မရောဗဟိုအကျဉ်းထောင်ရှိ အထူးတရားရုံးမှာ ထောင်ဒဏ် ၁ နှစ် အမိန့် ထပ်ချလိုက်တာ ဖြစ်ပါတယ်။

သံဖြူဇရပ် နာရေးကူညီမှုအသင်းအဖွဲ့ဝင် ဦးကျော်ဝင်းဟာ မွန်ပြည်နယ်မှာတော့ ဦးကျော်ဝင်း AB လို့ လူသိများပြီး လူမှုကယ်ဆယ်ရေး လုပ်ငန်းတွေကို ထဲထဲဝင်ဝင် ကူညီလုပ်ကိုင်နေသူ တစ်ဦး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013