DVB Logo
Home
မြန်မာသတင်း
Kirin ဂျပန်အဖျော်ယမကာကုမ္ပဏီ တရားမျှတမှုရရှိရေး စင်ကာပူရှိ သမာဓိခုံရုံး၌ တိုင်ကြား
DVB
·
December 7, 2021
Kirin ဂျပန်အဖျော်ယမကာကုမ္ပဏီ တရားမျှတမှုရရှိရေး စင်ကာပူရှိ သမာဓိခုံရုံး၌ တိုင်ကြား
Donate to DVB

မြန်မာဘရူဝါရီလီမိတက်ကို စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီက သိမ်းယူဖို့ကြိုးစားနေတာနဲ့ ပတ်သက်ပြီး တရားမျှတမှုရရှိဖို့ စင်ကာပူနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ ခုံသမာဓိရုံးမှာ ဦးတိုက်လျှောက်ထားလိုက်တယ်လို့ ဂျပန်အဖျော်ယမကာကုမ္ပဏီ Kirin Holdingsက ဒီဇင်ဘာ ၆ ရက်နေ့စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီက မြန်မာဘရူဝါရီလီမိတက်အား စာရင်းရှင်းလင်းဖျက်သိမ်းသွားဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်နေ့က တရားရုံးမှာ ဦးတိုက် လျှောက်ထားခဲ့ပြီး လာမယ့် ဒီဇင်ဘာ ၁၀ ရက်နေ့ ရန်ကုန်တိုင်း၊ အနောက်ပိုင်းခရိုင်တရားရုံးကနေ ဖျက်သိမ်းဖို့ ကြားနာမှာ ဖြစ်တာကြောင့် ကန့်ကွက်လိုသူတွေ လာရောက်ကန့်ကွက်နိုင်ကြောင်း နေ့စဉ်သတင်းစာတွေမှာ ကြော်ငြာထားပါတယ်။
ဒါကြောင့် Kirin Holdings ကုမ္ပဏီက ဒီဇင်ဘာ ၂ ရက်နေ့မှာ စင်ကာပူနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာခုံသမာဓိရုံး ထံလျှောက်ထားခဲ့ပြီး စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းဖြစ်တဲ့ ဦးပိုင်ကုမ္ပဏီလီမိတက်ရဲ့ တရားစွဲဆိုမှုကို ဆိုင်းငံ့ထားဖို့ တရားရုံးက အမိန့်ညွှန်ကြားထားတယ်လို့ သိရပါတယ်။
ဒါကြောင့် အဆိုပါညွှန်ကြားချက်နဲ့အညီ Krin Holdings ကုမ္ပဏီက ဦးပိုင်ကုမ္ပဏီလီမိတက်အား တားမြစ်ချက်ကို လိုက်နာဖို့ တောင်းဆိုသွားမှာဖြစ်သလို တပြိုင်နက်တည်းမှာ ဦးပိုင်ကုမ္ပဏီလီမိတက်က တင်သွင်းထားတဲ့ မြန်မာဘရူဝါရီ လီမိတက်ကို စာရင်းရှင်းလင်းဖျက်သိမ်းရေးအဆိုကို ပယ်ချဖို့ ရန်ကုန်တိုင်း၊ အနောက်ပိုင်းခရိုင်တရားရုံးအား တောင်းဆိုသွားမယ်လို့ ဆိုပါတယ်။
မြန်မာဘရူဝါရီလီမိတက်ဟာ ပြည်တွင်းအဖျော်ယမကာစျေးကွက်မှာ အမည်ရနေတဲ့ လုပ်ငန်းတခုဖြစ်ပြီး ဒီလုပ်ငန်းကနေ မြန်မာဘီယာ၊ Myanmar Premium ဘီယာ၊ Kirin Ichiban ဘီယာ၊ Myanmar Lager ဘီယာ၊ Andaman Gold ဘီယာ၊ Black Shield Stout ဘီယာ စတဲ့ အမှတ်တံဆိပ်တွေ ထုတ်လုပ်ရောင်းချနေတာပါ။
မြန်မာဘရူဝါရီလုပ်ငန်းကို ဦးပိုင်ကုမ္ပဏီက ထိန်းချုပ်ဖို့ကြိုးပမ်းနေတာကို တားဆီးဖို့နဲ့ ပိုင်ဆိုင်ငွေတွေကို အကြမ်းဖက်အဖွဲ့အစည်းဖြစ်တဲ့ စစ်တပ်လက်သို့ မလွှဲပြောင်းကြောင်း သေချာစေဖို့ Kirin ကုမ္ပဏီအနေနဲ့ နိုင်ငံတကာခုံသမာဓိ တရားစီရင်ရေး အပါအဝင် ရရှိနိုင်တဲ့ အစီအမံအားလုံးကို လုပ်ဆောင်ရမယ်လို့ Jusitce for Myanmar အဖွဲ့ကလည်း မကြာသေးခင်က သတိပေးထောက်ပြခဲ့ပါတယ်။
မြန်မာဘရူဝါရီရဲ့ ပိုင်ဆိုင်မှုတွေနဲ့ စစ်တပ်စီးပွားရေးလုပ်ငန်းစုတွေရဲ့ ပိုင်ဆိုင်မှုအားလုံးဟာ လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကိုယ်စားပြုတဲ့ မြန်မာပြည်သူတွေနဲ့သာ သက်ဆိုင်ရမယ်လို့ Justice for Myanmar က နှိုးဆော်ထားပါတယ်။
ဒါကြောင့် ဂျပန်အခြေစိုက် အဖျော်ယမကာလုပ်ငန်းဖြစ်တဲ့ Kirin ဟာ မြန်မာဘရူဝါရီရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်အားလုံးကို NUG ရဲ့သဘောတူညီမှုရဖို့ လိုတဲ့ အကြောင်းနဲ့ Kirin ကုမ္ပဏီအနေနဲ့လည်း မြန်မာပြည်သူလူထုအပေါ် ပွင့်လင်းမြင်သာမှုရှိရမှာ ဖြစ်သလို လူ့အခွင့်အရေး လိုက်နာမှုရှိစေရေးကို အကောင်အထည်ဖော်ရမှာဖြစ်ပြီး မြန်မာစစ်တပ်ရာဇဝတ်ဂိုဏ်းနဲ့ ပတ်သတ်ဆက်နွှယ်မှု အားလုံးကို တာဝန်သိစွာ ချက်ချင်း ဖြတ်တောက်ဖို့လည်း Justice for Myanmar က တိုက်တွန်းထားပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ပထမ လေးလပတ်အတွင်း မြန်မာဘရူဝါရီလီမိတက်ရဲ့ ရောင်းအား ၄၆ ရာခိုင်နှုန်း ကျဆင်းခဲ့တာကြောင့် ဝင်ငွေအနေနဲ့ ၂၀၂၀ ပြည့်နှစ် ပထမ လေးလပတ်နဲ့ နှိုင်းယှဉ်ပါက မြန်မာကျပ်ငွေ ၆၆ ဘီလီယံလောက် လျော့ကျခဲ့တယ်လို့ ဂျပန်အဖျော်ယမကာကုမ္ပဏီ Kirin က ၂၀၂၁ ဘဏ္ဍာနှစ်အတွက်ထုတ်ပြန်တဲ့ တတိယ သုံးလပတ်အစီရင်ခံစာအရ သိရပါတယ်။
မြန်မာဘရူဝါရီလီမိတက် (Myanmar Brewery Limited) ကို ၁၉၉၅ ခုနှစ် မတ်လမှာ အကျိုးတူဖက်စပ်လုပ်ငန်းအနေနဲ့ တည်ထောင်ခဲ့တာဖြစ်ပြီး စတင်တည်ထောင်ချိန်က အမေရိကန်ဒေါ်လာ ၆၀ သန်း ရင်းနှီးမြှုပ်နှံခဲ့တယ်လို့ ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
ရှယ်ယာပိုင်ရှင်မှုကတော့ ဂျပန်အဖျော်ယမကာကုမ္ပဏီဖြစ်တဲ့ Kirin က ၅၁ ရာခိုင်နှုန်းနဲ့ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီလီမိတက်က ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါတယ်။
Kirin Holdings ကုမ္ပဏီအနေနဲ့ မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုအပေါ် အလွန်စိုးရိမ်ကြောင်း ဆန့်ကျင်ကြောင်းလည်း သဘောထားကို ဖေဖော်ဝါရီ ၅ ရက်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Photo-Kirin

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013