
သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို လွတ်ငြိမ်းသက်သာခွင့်နဲ့ ထောင်ဒဏ် ၂ နှစ်စီ လျှော့ပေးလိုက်ကြောင်း MRTV နဲ့ စစ်တပ်ပိုင် မြ၀တီ ရုပ်မြင်သံကြားတို့ကနေ ဒီနေ့ ည ၈ နာရီ သတင်းမှာ ကြေညာသွားပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို စစ်ကောင်စီ လက်အောက်ခံ ဇမ္ဗူသီရိတရားရုံးက ဒီကနေ့ ဒီဇင်ဘာ ၆ ရက်မနက်မှာ ပုဒ်မ ၅၀၅(ခ) အမှုအတွက် ထောင်ဒဏ် ၂ နှစ်စီနဲ့ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ -၂၅ အတွက် ထောင်ဒဏ် ၂ နှစ်စီ စုစုပေါင်း ထောင်ဒဏ် ၄ နှစ် စီချမှတ်ခဲ့တာဖြစ်ပါတယ်။
ဒီညမှာတော့ ထောင်ဒဏ် ၂ နှစ်စီ လျှော့ပေါ့ကာ ကျန် ၂ နှစ်ကိုတော့ လက်ရှိဖမ်းချုပ်ထားရာ နေရာတွေမှာ ဆက်လက်ကျခံစေဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်အနေနဲ့ လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်တာလို့ စစ်ကောင်စီ မီဒီယာတွေကနေ ကြေညာသွားပါတယ်။
တရားဥပဒေစိုးမိုးရေးအတွက် တည်ဆဲ ဥပဒေနဲ့အညီ မှန်ကန်မျှတစွာ တရားစီရင်မှုကို နိုင်ငံသားအားလုံးက လေးစားလိုက်နာခံယူလိုက်နာကြရမှာဖြစ်ပေမဲ့ စစ်ကောင်စီခေါင်းဆောင် အနေနဲ့ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် တရားရုံးက ချမှတ်ခဲ့တဲ့ ထောင်ဒဏ် ၄ နှစ်စီအနက် ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁) အရ ထောင်ဒဏ် ၂ နှစ်ကို လွတ်ငြိမ်း သက်သာခွင့်ပြုပြီး ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၄၁ ပုဒ်မခွဲ (၁) အရ ကျခံဖို့ ကျန်ရှိတဲ့ ထောင်ဒဏ် ၂ နှစ်အား လက်ရှိ ထိန်းသိမ်းထားတဲ့ နေရာမှာပင် ကျခံစေဖို့ အမိန့်ထုတ်ပြန်ပြီး ပြစ်ဒဏ်မှ လျှော့ပေါ့ လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်တာလို့ သတင်းကြေညာချက်မှာ ဖော်ပြပါတယ်။
ဒီအမှုတွေဟာ နိုင်ငံခေါင်းဆောင်တွေအပေါ် စွဲဆိုထားတဲ့ အမှုတွေထဲက ပထမဆုံးအမိန့်ချလိုက်တဲ့ အမှုတွေဖြစ်ပြီး ဖမ်းဆီးခံ နိုင်ငံခေါင်းဆောင်တွေကတော့ ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး အပြစ်မရှိကြောင်း တရားရုံးမှာ ထွက်ဆိုထားပါတယ်။
စစ်ကောင်စီက အခုလို နိုင်ငံခေါင်းဆောင်တွေကို ထောင်ဒဏ်တွေချလိုက်တဲ့အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက အပြင်းအထန် ကန့်ကွက် ရှုတ်ချထားကြပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ချမှတ်တာဟာ အတိုက်အခံပါတီတွေကို ဖိနှိပ်ဟန့်တားပြီး လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို ချိုးနှိမ်ဖို့ မြန်မာအာဏာရှင်ရဲ့ နောက်ထပ် ထိတ်လန့်ဖွယ်ရာ ကြိုးပမ်းမှုတစ်ခုပဲဖြစ်ပါတယ်။" ယူကေနိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။
အီးယူ ဥရောပါသမဂ္ဂကလည်း ဒီလိုထောင်ဒဏ်အမိန့်ချမှတ်လိုက်တာဟာ နိုင်ငံရေးအရလုပ်ဆောင်တာဖြစ်ကြောင်းနဲ့ တရားဥပဒေစိုးမိုးရေးကို ဖြိုဖျက်တာတဲ့ အနောက်ထပ်ခြေလှမ်းဖြစ်ပြီး လူ့အခွင့်အရေးကို ဗြောင်ကျကျ ပေါ်ပေါ်တင်တင် ချိုးဖောက်မှု ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှု ၁၂ မှုနဲ့တရားစွဲထားတာဖြစ်ပြီး စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၁၅ ရက်နေ့ကစွပ်စွဲတဲ့ ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုနဲ့ဆိုရင် ရင်ဆိုင်ရမယ့်အမှု ပိုများလာဖို့ ရှိနေပါတယ်။
စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အမှုတစ်ခုချင်းစီကို ကာလရှည် အချိန်ဆွဲပြီး အမိန့်ချသွားဖို့ရှိနေသလို တရားစီရင်ရေး ယန္တရားကို အသုံးချပြီး နိုင်ငံရေးအရနှိပ်ကွပ်နေတာလို့လည်း ဥပဒေကျွမ်းကျင်သူ တွေက သုံးသပ်ပြောပါတယ်။