DVB Logo
Home
မြန်မာသတင်း
မူဆယ် ၁၀၅ မိုင်မှ တရုတ်ဘက်ပို့မည့် ဖရဲသီးများ ပျက်စီး
DVB
·
December 6, 2021
မူဆယ် ၁၀၅ မိုင်မှ တရုတ်ဘက်ပို့မည့် ဖရဲသီးများ ပျက်စီး
Donate to DVB

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကနေတဆင့် တရုတ်ဘက်တင်ပို့မယ့် ဖရဲသီးအများစု အခွန်စနစ်ကြောင့် စောင့်ဆိုင်းနေရတဲ့အတွက် ပျက်စီးကုန်ပြီလို့ ကုန်သည်၊ ကားသမားနဲ့ ပွဲရုံတွေဆီက သိရပါတယ်။

ဖရဲတင် ယာဉ်မောင်းတဦးက "ကျနော်ကတော့ ရောက်နေတာ ၁ ရက်နေ့ကစ ရောက်တယ်။ မနေ့က အသစ်ဝင်လာတာ ၈ စီးလောက်ရှိမယ်ဗျ။ ရှမ်းပြည် ဖရဲတွေ ၈၀ ရာခိုင်နှုန်းပါ။ ကျနော်တို့ အသုတ်မှာက ဖရဲသီးကွင်းထဲကို ၃၇ စီး၊ အဲဒီ ၃၇ စီးမှာမှ ကောင်းတဲ့ဟာက ၁ စီး ၂ စီးပဲ ရှိတော့တယ်။ ကျန်တဲ့ဟာက အကုန်လုံး အရည်တွေ ထွက်ကုန်ပြီ" လို့ ပြောပါတယ်။

လက်ရှိ ၁၀၅ မိုင် သစ်သီးကုန်စည်ဒိုင်မျက်နှာချင်းဆိုင်ကွင်းထဲ ၃၇ စီး၊ ၁၀၅ မိုင် ဖရဲရောင်းကွင်းမှာ အစီးရေ ၃၀ ဝန်းကျင်၊ လွယ်အင်ကားချိန်းကွင်းမှာ အစီးရေ ၅၀ ရှိနေပြီး တရုတ်ပြည်ထဲ ဝင်သွားတဲ့ ဖရဲသီးကား ၂၁ စီးကို ချိန်းသွားတဲ့ ခေါက်တိုကားတွေက အရောင်းဈေးကွက်ထဲ မရောက်သေးဘူးလို့ ဆိုပါတယ်။

အောက်ဘက်က တက်လာတဲ့ ဖရဲကားတွေကို မန္တလေးအထွက် ၁၆ မိုက်ဂိတ်မှာ နိုဝင်ဘာ ၃၀ ရက်နေ့ကစ တားထားပေမယ့် အခုတော့ ပြန်တက်ခိုင်းပြီ ဖြစ်ကြောင်း၊ တချို့ကားတွေက ၁၆ မိုင်နားမှာပဲ ဖရဲသီးတွေ ရောင်းနေကြတာရှိပြီး ဒီဇင်ဘာ ၅ ရက်နေ့က မူဆယ်လေယာဉ်ကွင်းနားမှာ ၁ လုံး ၃၀၀၀ ကျပ်၊ ၂ လုံး ၅၀၀၀ ကျပ်နဲ့ ရောင်းနေကြတယ်လို့ ဖရဲကားသမား နောက် ၁ ဦးက ပြောပါတယ်။ 

"ခေါက်တိုက ၅ စီးတည်း ရှိတယ်။ နောက်ထပ် သူတို့ခေါ်ထားတဲ့ ကားတွေတောင် အကုန် ပြန်လွှတ်နေပြီ။ အဲဒီ အလုပ်လုပ်တဲ့ ၅ လုံးကလည်း ပဲတီစိမ်းတို့၊ ဆန်တို့ဘက်ပဲ ဦးစားပေးနေတာ။" 

ပြည်တွင်းနဲ့ ပြည်ပ ဈေးကွက်က တော်တော်လေးကွာဟနေကြောင်း စိုက်ခင်းပိုင်ရှင် ၁ ဦးက ပြောပါတယ်။

"ပြည်တွင်း ၁၆၅၀၀ ကီလိုဂရမ်ကို ခြံထဲရောင်းတာ သိန်း ၂၀ ပဲရတော့ ၁ ကီလိုဂရမ်ကို ၉ ယွမ် ဆိုလို့ ကား ၁ စီးကို ၁၆၅၀၀ ကီလိုဂရမ် တင်ပြီး ၄ စီး သီပေါကနေ တက်လာတာ။  အပယ်တွေက ဘယ်လိုထွက်မှာလဲ မသိသေးတော့ ပြောရနည်းနည်းခက်မယ်ဗျ။"

ပိတ်မိနေတာကြောင့် ဝင်လို့ မရသေးကြောင်း ပြောပေမယ့် နေ့တိုင်ကားအဝင်ရှိနေပြီး ရှမ်းပြည်ကနေ ဝင်လာတာပိုများတယ်လို့ စိုင်းမြင့်ဗိုလ် သစ်သီးပွဲရုံမှ မနန်းခမ်းခင်က ပြောပါတယ်။ 

"အသီး အရည်အသွေးအများကြီးကျသွားတယ်။ ပျက်စီးသွားတယ်။ မြန်မာပြည်ဘက်ကလည်း အသီးက ထွက်နေပြီ။" 

တရုတ်ဘက်ကို ကွန်တိန်နာနဲ့ မဟုတ်တော့ဘဲ ရိုးရိုးကားနဲ့ တင်ပို့ရပြီး တချိန်လုံး ပြောင်းလဲနေတဲ့ တရုတ်ဘက်က ပေါ်လစီကို လိုက်လုပ်နေရတာကြောင့် အချိန်နဲ့ တပြေးညီ ဖြစ်မလာဘူးလို့ ဆိုပါတယ်။

တောင်သူတွေအနေနဲ့ လိုင်းပေါ်မှာတွေ့သမျှ သတင်းတွေ မယုံကြည်ဖို့၊ ပွဲရုံ ပွဲစားတွေနဲ့ အဆက် အသွယ်လုပ်ပြီးမှ တက်လာသင့်ကြောင်း တရုတ်ဘက်မှာ ၁ ကီလိုကို ၉ ယွမ်ရတယ်ဆိုတဲ့ သတင်း ထွက်ပေါ်နေပေမယ့် တရုတ် ပေါက်ဈေး မသိရသေးဘူးလို့ မနန်းခမ်းခင်က ပြောပါတယ်။

တရုတ်ဘက်က ပြောင်းလဲကောက်ခံလာတဲ့ အခွန်စနစ်ကြောင့် စောင့်ဆိုင်းနေရပြီး အချိန်ကြာနိုင်တဲ့အတွက် နောက်ထပ် မဆင်းလာ‌ကြဖို့ ခွာညိုသစ်သီးပွဲရုံကလည်း အသိပေးကြေညာထားပါတယ်။

ကိုဗစ် အကြောင်းပြချက်နဲ့ နှစ်နိုင်ငံ သစ်သီးနဲ့ ပင်လယ်ထွက်ကုန် အဓိကကုန်သွယ်ရာ ကျင်းစန်း‌ဂိတ်ကို ဆေးဝါးပစ္စည်းကလွဲလို့ ဇူလိုင် လ ၈ ရက်နေ့ကစ ပိတ်ခဲ့ကာ နိုဝက်ဘာ ၂၆ ရက်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့တာပါ။

Pra Jaw

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013