
ရန်ကုန်မြို့မှာ BRT ယာဉ်လိုင်းအဖြစ် ပြေးဆွဲခဲ့တဲ့ကားတွေကို ဆူးလေ-ဒလ ခရီးစဉ် လမ်းကြောင်းမှာ ပြန်လည်ထည့်သွင်း အသုံးပြုလာတယ်လို့ မြို့တွင်း ဘတ်စ်ကားလိုင်း စီးနင်းအသုံးပြုသူတွေဆီကနေ သိရပါတယ်။
ရန်ကုန်မြို့တွင်း ဘတ်စ်ကားလိုင်းမှာ အသုံးမပြုဘဲ ရပ်နားထားတာ ကြာပြီဖြစ်တဲ့ Scania အမျိုးအစား ကားတွေကို ယာဉ်လိုင်းအသစ်အတွက် ဩဂုတ် ၁ ရက်ကစပြီး ပြန်လည်ထည့်သွင်း ပြေးဆွဲလာတာ ဖြစ်ပါတယ်။
တချိန်က တိုင်းဒေသကြီးအစိုးရ ရှယ်ယာပါဝင်ခဲ့တဲ့ ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီ (YBPC) က ဝယ်ယူထားတဲ့ Scania ကားတွေကို BRT Lite ဆိုပြီး မြို့တွင်း သီးသန့်ယာဉ်လိုင်းအဖြစ် ၂၀၁၆ ခုနှစ်မှာ ပြေးဆွဲအသုံးပြုခဲ့ဖူးပါတယ်။
YBPC ကုမ္ပဏီ ယာဉ်မောင်းတယောက်က “ဒီကောင်ကြီးတွေက တော်တော်မာတယ်။ ပြန်ပြင်ပြီး ထည့်သုံးတာလို့ ပြောတယ်။ တချိန်က မင်းသားကြီးတွေလေ၊ ကြံ့ခိုင်မှုပိုင်းက တော်တော်ကောင်းသေးတာတော့ တွေ့ရတယ်” လို့ ပြောပါတယ်။
အဆိုပါကားတွေဟာ BRT ယာဉ်လိုင်းမှာ ပြေးဆွဲအသုံးပြုခဲ့သလို၊ YBS ဘတ်စ်ကားစနစ် စတင်ချိန်က YBS ၃၇ ယာဉ်လိုင်းအဖြစ် ပြောင်းလဲခဲ့ပြီး ရန်ကုန်မြို့ ဘတ်စ်ကားစနစ်မှာ အစောဆုံး ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက်ပိုင်း ယာဉ်ကြီးအမောင်းသင် ကားအဖြစ် အသုံးပြုခဲ့ပြီး အချိန်အတော်ကြာ ရပ်နားထားကာ အခုမှ ပြန်လည်ထည့်သွင်း ပြေးဆွဲလာတာလို့ YBS ယာဉ်မောင်းတွေက ဆိုပါတယ်။
အဲဒီကားများ ထည့်သွင်းထားတဲ့ ဆူးလေ-ဒလ (ဝန်ထမ်းအိမ်ရာ) လမ်းကြောင်း အပါအဝင် ဆူးလေ-ဒလ (ကျောင်းရှေ့)၊ ဆူးလေ-ဒလ (ချယ်ရီသင်္ဘောဆိပ်)၊ ဒလ-တွံတေး ယာဉ်လိုင်းတွေကို မနက် ၅ နာရီလောက်ကနေ ညနေ ၇ နာရီလောက်အထိ ပြေးဆွဲပေးနေတာလို့ သက်ဆိုင်ရာ ယာဉ်လိုင်းများက အသိပေးထားပါတယ်။










