ဂျပန်ဘောလုံးအသင်းက ဘရာဇီးအသင်းနဲ့ ကမ္ဘာ့ဖလား ၃၂ သင်းအဆင့်ပွဲ မတိုင်ခင် တရက်အလို ဇွန် ၂၈ ရက်က အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့ရဲ့ ပူပြင်းတဲ့ရာသီဥတုအောက်မှာ နောက်ဆုံးလေ့ကျင့်ပြင်ဆင်မှုတွေကို အပြီးသတ်ခဲ့ပါတယ်။
ဂျပန်အသင်းဟာ ကမ္ဘာ့ဖလား သမိုင်းတလျှောက် ဘရာဇီးအသင်းကို ပထမဆုံးအကြိမ် အနိုင်ရဖို့ မျှော်မှန်းနေပါတယ်။
ဒီနှစ်သင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၂၀၀၆ ခုနှစ်က တကြိမ် တွေ့ဆုံဖူးပြီး အဲဒီတုန်းက ဂျပန်အသင်းဟာ ဘရာဇီးကို ၄ ဂိုး-၁ ဂိုးနဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။
အဲဒီအချိန်က ဂျပန်အသင်းကို နည်းပြခဲ့သူကတော့ ဂျပန်ဘောလုံးတိုးတက်ရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့ ဘရာဇီးဂန္ထဝင် ဇစ်ကို ဖြစ်ပါတယ်။
ဒီတကြိမ်မှာတော့ ဂျပန်အသင်းဟာ သမိုင်းတလျှောက် ပထမဆုံးအကြိမ် ဗိုလ်လုပွဲတက်နိုင်ဖို့ ရည်မှန်းထားပါတယ်။
ပြီးခဲ့တဲ့ ၄ နှစ်အတွင်း ဂျာမနီ၊ စပိန်နဲ့ အင်္ဂလန်တို့လို ထိပ်သီးအသင်းတွေကို အနိုင်ယူခဲ့တဲ့ ရလဒ်တွေကြောင့်လည်း "ဆာမူရိုင်းပြာ" အသင်းအပေါ် မျှော်လင့်ချက်တွေ မြင့်မြင့်မားမား ရှိလာနေပါတယ်။
ဘရာဇီးနဲ့ ဂျပန်တို့ရဲ့ ကမ္ဘာ့ဖလား ၃၂ သင်းအဆင့်ပွဲကို မြန်မာစံတော်ချိန် ဇွန် ၃၀ ရက် မနက် ၁၂:၀၀ နာရီ (သန်းခေါင်ယံ) မှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။










