DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် လစဉ်ကြေးပေးတူးဖော်နေသည့် ကျောက်စိမ်းလုပ်ကွက်များရပ်နားရန် တပ်မ-၃၃ ညွှန်ကြား
DVB
·
December 5, 2021
ဖားကန့်တွင် လစဉ်ကြေးပေးတူးဖော်နေသည့် ကျောက်စိမ်းလုပ်ကွက်များရပ်နားရန် တပ်မ-၃၃ ညွှန်ကြား
1 / 2
Donate to DVB

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်အတွင်းက ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေကို ရပ်နားထားဖို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ကျောက်စိမ်းရိုင်းတူးဖော်ရေးဌာန လုံးခင်းနဲ့ တပ်မ (၃၃) က ဒီဇင်ဘာ ၄ ရက်နေ့ ပြောကြားထားတာကြောင့် ရပ်နားထားရတယ်လို့ လုပ်ငန်းရှင်တချို့ဆီက သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် အင်တာနက်ပါ အဖြတ်ခံထားရတဲ့ ဖားကန့်မှာ ‌တရားမဝင် နယ်မြေခံတပ်ကို လစဉ်ကြေးပေးပြီး ညစဉ် အဆက်မပြတ် တူးဖော်မှုတွေကို ဝေဖန်မှုတွေ ရှိလာပြီးနောက် အခုလို တားမြစ်လာတာပါ။

“ကုမ္ပဏီမှာရှိတဲ့ စက်ယန္တရားတွေကို လာစစ်မယ်ဆိုပြီးတော့ လာနားခိုင်းတာပါ။ ဒါကတော့ အကြောင်းပြချက်ပေါ့။ ဒါတွေက ခိုးကျင်းတွေပါဗျာ။ လူတိုင်းသိနေတဲ့ ဟာကြီးပါဗျာ” ကျောက်တူးနေတဲ့ လုပ်ငန်းရှင်တဦးက DVB ကို ပြောပါတယ်။

ဖားကန့်ရတနာနယ်မြေမှာရှိတဲ့ ကျောက်စိမ်းလုပ်ကွက် အားလုံးဟာ ၂၀၂၁ ဩဂုတ်လကတည်းက တူးဖော်ခွင့်လိုင်စင် သက်တမ်းတွေ ကုန်ဆုံးသွားပြီ ဖြစ်ပါတယ်။

အဲဒီသက်တမ်းကုန် ကျောက်စိမ်းလုပ်ကွက်တွေကို  အာဏာသိမ်းစစ်တပ်လက်အောက်ခံ နယ်မြေခံ စစ်တပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ အောက်တိုဘာလဆန်းပိုင်းကစပြီး လစဉ်ကြေးသဘောမျိုး ကောက်ခံပြီး စက်ယန္တရား အမြောက်အမြားနဲ့ တူးဖော်ခွင့်ပြုထားတာလည်း ဖြစ်ပါတယ်။

“အဓိကတော့ တပ်မမှူးပေါ့၊ တပ်မမှူးကို တလ ဘက်ဟိုးတစီးကို သိန်းသုံးဆယ် ပေးရတယ်၊ လစဉ်ကြေးပေါ့။ သူတို့ မသိလောက်ဘူးဆိုပြီး အစီးရေ လျှော့ပေးလို့ မရဘူး။ သူတို့ဆီမှာ ဘယ်နားမှာ ဘယ်နှစီး ခိုးတူးတယ်ဆိုတာ အကုန်သိတယ်” လို့ လစဉ်ကြေးပေးသွင်းခဲ့ရတဲ့ လုပ်ငန်းရှင်တဦးက DVB ကို ပြောပါတယ်။

တရားမဝင် ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းတွေအတွက် လစဉ်ကြေးကို တပ်မမှူး တဦးတည်းကိုပဲ ‌ပေးရတာမဟုတ်ဘဲ လုံးခင်း ကျောက်စိမ်းတူးဖော်ရေးဌာန၊ နယ်မြေခံ မြို့နယ်အုပ်ချုပ်ရေး၊ မြို့နယ်ရဲတပ်ဖွဲ့၊ အက်စ်ဘီ၊ စရဖ၊ စစစ၊ တိုက်ခိုက်ရေး ရဲတပ်ဖွဲ့တွေကိုလည်း ပေးရတယ်လို့ ဆိုပါတယ်။

တရားမဝင် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်သူတွေဟာ ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေကိုလည်း လုပ်ငန်းမစတင်မီက အခွန်ပေးဆောင်ခဲ့ရသေးတယ်လို့ သိရပါတယ်။

တရားမဝင် ကျောက်စိမ်းတူးဖော်နိုင်ဖို့အတွက် လုပ်ကွက်တကွက်ကို ကျပ်သိန်း ၃၀၀ ကနေ သိန်းထောင်ဂဏန်းအထိ ကေအိုင်အေက ကောက်ခံပြီး တူးဖော်ရေးလုပ်ငန်းအတွက် အသုံးပြုတဲ့ မြေ၊ လူ၊ စက်ယန္တရားနဲ့ လောင်စာဆီတွေအတွက်ပါ ကေအိုင်အေကို အခွန်ပေးဆောင်ခဲ့ရတယ်လို့  ဒေသခံ လုပ်ငန်းရှင်တွေက ပြောပါတယ်။

ဖားကန့် ရတနာနယ်မြေ အပါအဝင် ခန္တီး၊ နန့်ယားနဲ့ မော်လူးမော်ဟန် အပါအဝင် ရတနာနယ်မြေအားလုံးကို  ကျောက်မျက်ရတနာအပါအဝင် ဓာတ်သတ္တုအရိုင်းတူးဖော်ရေး လုပ်ငန်းတွေကို အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက အောက်တိုဘာ  ၇ ရက်နေ့က တရားဝင် တားမြစ်ထားသလို၊ NUG ရဲ့ သယံဇာတဝန်ကြီး ဒေါက်တာတူးခေါင်ကလည်း သားစဉ်မြေးဆက် စားသုံးနိုင်ဖို့ ရပ်နားထားဖို့ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

ဒါပေမဲ့ နယ်မြေခံ စစ်ကောင်စီတပ်တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေကို လစဉ်ကြေးပေး တူးဖော်ခဲ့ကြတာဖြစ်ပြီး အခုချိန်မှာတော့ လုပ်ကွက်တွေကို ရပ်ဆိုင်းဖို့ စစ်ကောင်စီရဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန လက်အောက်မှာရှိတဲ့ ကျောက်စိမ်းရိုင်း တူးဖော်ရေးဌာန လုံးခင်းနဲ့ အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ တပ်မ (၃၃) က ပြောကြားခဲ့တာကြောင့် လုပ်ကွက်တွေ ရပ်နားထားကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013