အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒီနေ့ အန်အယ်လ်ဒီ နာယက ဦးတင်ဦး၊ စစ်ထောက်လှမ်းရေးဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ ဝါရင့် အနုပညာရှင် စည်သူ ဘိုကလေးတင့်အောင်တို့ကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ စစ်ကောင်စီအဖွဲ့ဝင်တချို့၊ ဝန်ကြီးတချို့၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့နဲ့အတူ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဦးတင်ဦးကို သွားရောက်တွေ့ဆုံတာလို့ စစ်ကောင်စီအာဘော် မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားသတင်းက ဖော်ပြပါတယ်။
စစ်ကောင်စီအာဘော်သတင်းမှာ ဦးတင်ဦးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ဟောင်း)၊ ဗိုလ်ချုပ်ကြီး(ဟောင်း) လို့ ဖော်ပြထားကာ ဖမ်းဆီးပြီး တာဝန်က ထုတ်ပယ်ခံခဲ့ရတဲ့ စစ်ထောက်လှမ်းရေးခေါင်းဆောင် ဗိုလ်ချုပ်ကြီးခင်ညွန့်ကိုတော့ အငြိမ်းစားလို့ သုံးနှုန်းထားပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ သူနဲ့ အတူပါလာသူတွေနဲ့ ဦးတင်ဦးကို မိတ်ဆက်ပေးပြီး ကျန်းမာရေးအခြေအနေတွေကို မေးမြန်းခဲ့သလို လိုအပ်တာတွေရှိရင် အချိန်တိုအတွင်း ဖြည့်ဆည်းပေးနိုင်ရေး၊ တပ်မတော်ဆေးရုံတွေမှာ လိုအပ်တဲ့ ဆေးကုသမှုခံယူနိုင်ရေးတို့အတွက် ညှိနှိုင်းပေးပြီး အားဖြည့်ငှက်သိုက်တွေနဲ့ တပ်မတော်စက်ရုံထုတ် စားသောက်စရာတွေ ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဦးတင်ဦးဟာ အန်အယ်လ်ဒီရင်ထိုး တပ်ဆင်ထားတဲ့ ပင်နီတိုက်ပုံဝတ်ထားသလို နှာခေါင်းစည်းတပ်ဆင်ပြီး အာဏာသိမ်းစစ်ဆောင်းဆောင်ကို တွေ့ဆုံခဲ့ပါတယ်။
စစ်ခေါင်းဆောင်ကတော့ အရပ်သားလို ဝတ်ဆင်ပြီး ပါးစပ်နဲ့ နှာခေါင်းစည်းမတပ်ဘဲ ဦးတင်ဦးနဲ့ ဘေးချင်းကပ်ထိုင် စကားပြောနေတာကို စစ်ကောင်စီအာဘော်သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ စစ်ခေါင်းဆောင်ဟာ ထောက်လှမ်းရေးခေါင်းဆောင် ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ တွေ့ဆုံရာမှာတော့ ပါးစပ်နဲ့ နှာခေါင်းစည်းတပ်ဆင် တွေ့ဆုံပါတယ်။
သူနဲ့ တွေ့ရာမှာတော့ ကျန်းမာရေးကိစ္စတွေအပြင် နိုင်ငံရေးအခြေအနေတွေ၊ နေပြည်တော်မှာ တည်နေတဲ့ ဗုဒ္ဓရုပ်ပွားတော်အကြောင်းပြောဆိုကြပြီး အားဖြည့်ငှက်သိုက်တွေနဲ့ တပ်မတော်စက်ရုံထုတ် စားသောက်စရာတွေ ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဝါရင့် အနုပညာရှင် စည်သူဘိုကလေးတင့်အောင်ကိုတော့ SSC အထူးကုဆေးရုံကြီးမှာ သွားရောက်တွေ့ဆုံပြီး ထောက်ပံ့ငွေနဲ့ အားဖြည့်ငှက်သိုက်တွေ၊ တပ်မတော်စက်ရုံထုတ် စားသောက်စရာတွေ ပေးခဲ့တယ်လို့ ဆိုပါတယ်။