Home
မြန်မာသတင်း
ကျောက်ဖြူတွင် PDF ကိုငွေကြေးထောက်ပံ့မှုစွပ်စွဲချက်ဖြင့် ကျောင်းသူ ၁ ဦး ဖမ်းဆီးခံရ
DVB
·
December 4, 2021
262790479_232473055662486_6113441634768150134_n

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှာ PDF ငွေကြေးထောက်ပံ့မှုစွပ်စွဲချက်နဲ့  တက္ကသိုလ် ကျောင်းသူ တယောက်ကို စစ်ကောင်စီက  ဒီဇင်ဘာလ ၃ ရက် မနက်  ၁ နာရီလောက်က ဖမ်းဆီးလိုက်ပါတယ်။ 

ကျောက်ဖြူမြို့ အစိုးရပ်ကွက်ရှိ ဝန်ထမ်းအိမ်ရာမှာနေထိုင်တဲ့ အသက် ၂၁ နှစ် အရွယ်ရှိ မအေးမြင့်မြတ်အောင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ်ကို လာရောက်ပြီး ဧည့်စာရင်းစစ်မယ်ဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားတာလို့  မိသားစုဝင်တွေက ပြောပါတယ်။

၏မအေးမြင့်မြတ်အောင်ဟာ နိုင်ငံရေးကိုစိတ်ဝင်စားသူမဟုတ်သလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်ဖမ်းဆီးစဥ်ကလည်း မှတ်ပုံတင်၊ နာမည်၊ ဖုန်းနံပတ်နဲ့ တိုက်ဆိုင်စစ်ဆေးရာမှာ လူနာမည်၊ မှတ်ပုံတင်နံပါတ်သာ အမှန်ဖြစ်ကာ ဖုန်းနံပတ်က  တခြားလူတစ်ယောက်ရဲ့ ဖုန်းနံပါတ်ဖြစ်နေတာကြောင့် မဟုတ်မမှန်စွပ်စွဲ  ဖမ်းဆီးခံရတာ ဖြစ်တယ်လို့ သူ့ရဲ့ အဒေါ်ဖြစ်သူက ပြောပါတယ်။

“ညဘက်မှာ သန်းခေါင်စာရင်းလာစစ်တဲ့ပုံစံမျိုးနဲ့လာတယ်။ ပြီးတော့ PDF တွေကိုထောက်ပံ့တယ်။ သူရဲ့မှတ်ပုံတင်နဲ့ရော၊ နာမည်နဲ့ရော အကုန်လုံးပါတယ်ဆိုပြီးပြောတယ်၊ သူ့ရှေ့မှာပဲ ဖုန်းတွေသိမ်းတယ်၊ သိမ်းပြီးတော့ K Pay တွေနဲ့ လွှဲထားတယ်လို့ ပြောတာပေါ့နော်၊ အဲတော့သမီးက ဘာပြောလည်းဆိုတော့ သူက K Pay မသုံးဘူးပေါ့၊ လက်ရှိကိုင်တာလည်း ဒီဖုန်းကိုပဲကိုင်တာဆိုပြီး ပြောတယ်၊ သူတို့နဲ့ ဆက်စပ်တဲ့ဖုန်းကို ခေါ်ကြည့်လိုက်တော့လည်း သမီးကိုင်နေတဲ့ ဖုန်းနံပါတ်မဟုတ်ဘူးပေါ့၊ ပြီးရင် သူတို့ပြောသလို PDF ကို ထောက်ပံ့တယ်ဆိုတာလည်း မဟုတ်ပါဘူး၊ နိုင်ငံရေးတွေလည်း စိတ်ဝင်စားတဲ့အထဲမှာ ပါတာမဟုတ်ဘူး၊ သမီးကအိမ်မှာဆို ခလေး တယောက်လိုပါပဲ၊ သူက ကျောင်းသူ တယောက်လည်းဖြစ်တာပေါ့၊ ဒါကြောင့် အခုလို PDF ကို ထောက်ပံ့တယ်ဆိုပြီး စွပ်စွဲခံရတဲ့အပေါ်မှာ ကျမတို့သမီးအတွက် အဖြစ်မှန်ပေါ်အောင် ဥပဒေအရဖြေရှင်းသွားမှာပါ။”

မအေးမြင့်မြတ်အောင်ဟာ  PDF ကို ငွေကြေးထောက်ပံ့သူဖြစ်တယ်လို့ အထက်က ညွှန်ကြားလာတာကြောင့် ဖမ်းဆီးခဲ့ရတာဖြစ်ကာ လက်ရှိအချိန်မှာတော့ မအေးမြင့်မြတ်အောင်ကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည) နဲ့ အမှုဖွင့်လှစ်ကာ စစ်ဆေးနေတယ်လို့ ကျောက်ဖြူမြို့မရဲစခန်းမှ တာဝန်ရှိသူ တဦးက ပြောပါတယ်။

ရခိုင်မှာ PDF နဲ့ ဆက်စပ်တယ်ဆိုပြီး  စစ်ကောင်စီက သံသယနဲ့ဖမ်းဆီးထားသူ ၈ ဦးထိရှိပါတယ်။ သံတွဲမြို့နယ်က အမျိုးသမီး ၃ ဦး၊ အမျိုးသား ၂ ဦး၊ တောင်ကုတ်မြို့နယ်က အမျိုးသမီး ၁ ဦး၊ မြောက်ဦးမြို့နယ်က အမျိုးသား ၁ ဦးနဲ့ ကျောက်ဖြူမြို့နယ်က အမျိုးသမီးတို့ကို ဖမ်းဆီးတရားစွဲဆိုခံထားရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024