DVB Logo
Home
မြန်မာသတင်း
မြင်းမူနှင့် ဒီပဲယင်းတို့တွင် စစ်ကောင်စီတပ်များ မိုင်းဆွဲတိုက်ခိုက်ခံရ၊ ၃၀ ခန့်သေဆုံး (ရုပ်သံ)
DVB
·
December 4, 2021
မြင်းမူနှင့် ဒီပဲယင်းတို့တွင် စစ်ကောင်စီတပ်များ မိုင်းဆွဲတိုက်ခိုက်ခံရ၊ ၃၀ ခန့်သေဆုံး (ရုပ်သံ)
Donate to DVB

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်တို့မှာ ဒီဇင်ဘာ ၃ ရက်က စစ်ကောင်စီတပ်တွေ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

မြင်းမူမြို့နယ်ကနေ မုံရွာဘက်ကို ဦးတည်မောင်းနှင်လာတဲ့ စစ်ကောင်စီယာဉ် ၂၂ စီးပါ ယာဉ်တန်း ကို ဒီဇင်ဘာ ၃ ရက်၊ မွန်းတည့် ၁၂ နာရီလောက်က Black Eagle Defence Force-MMU အဖွဲ့ကဦးဆောင်ကာ မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့၊ Myin Mu Defence Force-MMDF၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ -CDSOM နဲ့ People's Defence Force Myinmu-MMPDF တို့ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

Black Eagle Defence Force-MMU တာဝန်ခံက “မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာနဲ့ အလ္လကပ္ပကျေးရွာကြားမှာ ၁ ဖက်ပွင့်ပြောင်း ၂ လုံးအပြင် မိုင်း ၄ လုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကား ၂ စီး အပြင်းအထန်ထိသွားပြီး သေဆုံးဒဏ်ရာရတာ တွေရှိနိုင်ပါတယ်။ ကျနော်တို့တပ်ပေါင်းစုက ရဲဘော်တွေကတော့  ဘေးကင်းစွာ ဆုတ်ခွာလာနိုင်ခဲ့တယ်” လို့  ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သား တွေ သေဆုံးဒဏ်ရာရတာတွေ ရှိတယ်လို့သိရပေမယ့် ဒီဗွီဘီက သီးခြားအတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေပါတယ်။

မန္တလေး-မြင်းမူ-မုံရွာလမ်းပိုင်းကို နိုဝင်ဘာ ၂၈ ရက် ည ၈ နာရီမှစပြီး ပြည်သူတွေရဲ့ ခရီးသွားမော်တော်ယာဉ်၊ ကုန်တင်ယာဉ်နဲ့ မော်တော်ဆိုင်ကယ်တွေ လုံးဝသွားလာခြင်းမပြုကြဖို့ Black Eagle Defence Force-MMU က သတိပေးတားမြစ်ထားပါတယ်။

ဒီပဲယင်းမြို့နယ်အနောက်ခြမ်း၊ ဘုတ္ထန်းတောတိုက်အတွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သား ၈၀ ကျော်ပါဝင်တဲ့ စစ်ကြောင်းကို ဒီဇင်ဘာ ၃ ရက်နေ့၊ ညနေ ၃ နာရီခွဲဝန်းကျင်က ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ခြုံခိုမိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၃၀ ထက်မနည်းသေဆုံးကာ အများအပြား ဒဏ်ရာရရှိသွားကြတယ်လို့ သိရပါတယ်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို ဂဠုန်တပ်တော် Galon PDF၊ ဗိုလ်ဇေယျ Squad အဖွဲ့နဲ့ ကောင်းကင်အဖွဲ့ တို့ တက်ညီလက်ညီ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဂဠုန်တပ်တော် ရဲ့ စစ်ကဲရေးမှူး ဆရာအောက်ချင်းက “ဒီပဲယင်းမြို့နယ်ထဲ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်သားတွေဟာ မြို့အနောက်ဘက် ကျနော်တို့ထောင်ထားတဲ့ မိုင်းကွင်းထဲဝင်ရောက်လာချိန် ထိထိမိမိဖောက်ခွဲနိုင်ခဲ့လို့ စစ်ကောင်စီတပ်သား ၃၀ ထက်မနည်း သေဆုံးနိုင်တယ်။ ဒဏ်ရာရတဲ့သူတွေလည်းများနိုင်တယ်” လို့ အတည်ပြုပြောပါတယ်။

ဒီပဲယင်းမြို့အရှေ့ဘက်ခြမ်းမှာလည်း စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်က လက်နက်ကြီးတွေ အသုံးပြုပစ်ခတ်နေတယ်လို့ ဆက်ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာမှုနဲ့ပတ်သက်ပြီး အတည်ပြုနိုင်ဖို့ ဒီဗွီဘီက ဆက်လက်စုံစမ်းနေပါတယ်။

စစ်ကောင်စီဟာ ဒီပဲယင်းမြို့ကို ဝေဟင်ကနေ ‌ရဟတ်ယာဉ်အသုံးပြုပစ်ခတ်နေတာတွေအပြင် မြေပြင်မှာလည်း ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ကျေးရွာတွေကို ဝင်ရောက်ဖျက်ဆီး မီးရှို့နေတာကြောင့် ဒေသခံပြည်သူ ၃၀၀၀ ကျော် ကျေးရွာတွေကို စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013