DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲဖြစ်ပွားနေသည့် စစ်ကိုင်းတိုင်းတွင် မုံရွာ-ကလေး လေကြောင်း ခရီးစဉ်ပျံသန်းပြေးဆွဲမည်
DVB
·
December 3, 2021
တိုက်ပွဲဖြစ်ပွားနေသည့် စစ်ကိုင်းတိုင်းတွင် မုံရွာ-ကလေး လေကြောင်း ခရီးစဉ်ပျံသန်းပြေးဆွဲမည်
Donate to DVB

စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ PDF တို့အကြား တိုက်ပွဲပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ  မုံရွာ-ကလေး လေကြောင်းခရီးစဉ်ကို ပထမဆုံးအကြိမ် စတင်ပျံသန်းပြေးဆွဲသွားဖို့  စစ်ကောင်စီက စီစဉ်နေပါတယ်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက မုံရွာ-ကလေးခရီးစဉ်ကို လာမယ့် ဒီဇင်ဘာ ၇ ရက်နေ့က စပြီး တပတ်ကို တကြိမ်နှုန်းနဲ့  အင်္ဂါနေ့တိုင်း ပုံမှန်ပျံသန်းမှာဖြစ်ပြီး ခရီးသည်ဦးရေ ၇၀ ဆံ့ ATR အမျိုးစားလေယာဉ်နဲ့ ပျံသန်းမယ်လို့ ဆိုပါတယ်။ 

ဒီခရီးစဉ်တွေအတွက် လေယာဉ်လက်မှတ်နှုန်းထားက ကျပ် ၃၄,၀၀၀၊ ၃၅,၀၀၀၊ ၄၀,၀၀၀ နဲ့ ၄၅,၀၀၀  ဆိုပြီး သတ်မှတ်ထားပါတယ်။

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်တွေဟာ ကုန်းလမ်းခရီးကရော ရေကြောင်းခရီးကပါ  သွားရောက်စစ်ဆင်နေပြီး မကြာခဏ တိုက်ခိုက်ခံနေရချိန်မှာ  အခုလို လေကြောင်းခရီးစဉ်အသစ်အနေနဲ့ ပြေးဆွဲတာဖြစ်ပါတယ်။ 

ဒါနဲ့ပတ်သက်ပြီး  မုံရွာဒေသခံ နိုင်ငံရေးအကျဉ်းသား ဟောင်းတဦးက “ကုန်းလမ်းကနေ ကားနဲ့သွားမယ်ဆိုရင် မုံရွာ-ကလေးခရီးစဉ်မှာ မုံရွာ-တန့်ဆည်-ကလေးဝ-ကလေးလမ်း၊ မုံရွာ-ယာကြီး-ကလေးဝ-ကလေးလမ်း နဲ့ မုံရွာ-ဂန့်ဂေါ-ကလေးလမ်း ဆိုပြီး လမ်းကြောင်း ၃ ခု ရှိတယ်။ တခါ ရေကြောင်းနဲ့ဆိုရင် ချင်းတွင်းမြစ်ကြောင်းအတိုင်း မုံရွာ-ကလေးဝ-ကလေး ဆိုပြီး ရှိတယ်။ အခုတော့ ရေကြောင်းနဲ့ ကုန်းလမ်းတွေက အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံ PDF တွေအကြားမှာ မကြာခဏဆိုသလို ထိပ်တိုက်တွေ့ဆုံမှုတွေရှိတယ်။ ဆိုတော့ ရေကြောင်းရော ကုန်းလမ်းရောက လုံခြုံမှုအားနည်းတော့ လေကြောင်းခရီးစဉ်အသစ်အနေနဲ့ ပြေးဆွဲတာလားပေါ့” လို့ ပြောပါတယ်။

မုံရွာအခြေစိုက်ခရီးသွားလုပ်ငန်းရှင်တဦးကတော့ “လေကြောင်းလိုင်းနဲ့ ပြေးပေးတာကတော့ ပိုကောင်းတာပေါ့။ ဘာလို့လဲဆို ကားနဲ့သွားရင်လည်း ကလေးနဲ့ မုံရွာအတွက် ကုန်ကျစရိတ်က လေးသောင်းလောက်ရှိတယ်ဗျ။ လေယာဉ် ကုန်ကျစရိတ်ကလည်း ဒီစျေးလောက်ပဲဆိုတော့ ကျနော်ထင်ပါတယ်။ တချို့ ကိစ္စလေးတွေ အဆင်ပြေအောင်လို့ပါ။ ပြီတော့လေယာဉ်ထွက်မယ့်အချိန်က နေ့လယ် ၃ နာရီ ၁၀ မိနစ် စထွက်ပြီး ၃ နာရီ ၅၀ မိနစ် ရောက်မှာဆိုတော့ ကြာချိန်က မိနစ် ၄၀ ပဲရှိတယ်ဗျာ။ ကားနဲ့ဆိုရင် မုံရွာကနေ အခုလို ညနေ ၄ နာရီထွက်ရင် မနက်အစောပိုင်းတော့ရောက်တယ်။ ဒါပေမဲ့  တညအိပ်ရတယ်ဗျ။ အခုဆိုရင် လေယာဉ်လက်မှတ်အတွက် ကျနော်တို့ဆီမှာ လာဖြတ်နေကြပါပြီ။ တော်တော်လေးလည်း ရောင်းပေးနေရတယ်” လို့ ဆိုပါတယ်။

မုံရွာဒေသခံခရီးသွားပြည်သူတဦးကတော့ “မုံရွာဆိုတာက စစ်ကိုင်းတိုင်းရဲ့ မြို့တော်လေနော်။ အခုက နည်းတောင် နည်းနေပါသေးတယ်။ ဒီ့ထက်မက လေကြောင်းလိုင်းတွေကို တိုးချဲ့စေချင်တာ။ အခုဆိုရင် ကလေးက လူတွေအတွက် အဆင်ပြေသွားပြီပေါ့။ ကားလမ်းနဲ့ဆိုရင် တညအိပ်မှ ရောက်တာနော်။ အရင်တုန်းက ကလေးမြို့ကို သွားမယ်ဆိုရင် မန္တလေးကတဆင့် သွားရတယ်ဗျာ။ ပြီးတော့ မန္တလေးကနေ လေယာဉ်စီးရတာ များတယ်နော်။ အခုဆိုရင် မုံရွာကနေ လေယာဉ်စီးချင်တယ်ဆိုရင် မန္တလေးအထိ သွားစရာမလိုတော့ဘူး။ ပြီးတော့ မန္တလေးသွားတဲ့စရိတ်က ကလေးမြို့သွား တဲ့စရိတ်နဲ့ အတူတူလောက်ရှိနေတာ” လို့ပြောပါတယ်။

မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)ဟာ စစ်ကောင်စီရဲ့ ဝင်ငွေရတဲ့လုပ်ငန်းဖြစ်သလို  စစ်ရေးအရ လက်နက်တွေနဲ့ လူအင်အားဖြည့်တင်းရာမှာ အသုံးပြုနေတဲ့ လေကြောင်းလိုင်းဖြစ်တဲ့တွက် ပြည်သူတွေအနေနဲ့ လိုက်ပါစီးနင်းတာ မလုပ်ကြဖို့ ကရင်နီ အမျိုးသားကာကွယ်ရေးတပ် (KNDF)က တိုက်တွန်းထားပါတယ်။

PHOTO-MNA

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013