DVB Logo
Home
မြန်မာသတင်း
ကုလသမဂ္ဂ အရည်အချင်းစစ်ကော်မတီ၏ ဆုံးဖြတ်ချက်ကို CRPH ကြိုဆို
DVB
·
December 2, 2021
ကုလသမဂ္ဂ အရည်အချင်းစစ်ကော်မတီ၏ ဆုံးဖြတ်ချက်ကို CRPH ကြိုဆို
Donate to DVB

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုခွင့်နဲ့ ပတ်သက်ပြီး  ကုလသမဂ္ဂ အရည်အချင်းစစ် ကော်မတီရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုတဲ့အကြောင်း  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH)က ဒီဇင်ဘာလ ၂ ရက် မှာ သဘောထားထုတ်ပြန်လိုက်ပါတယ်။

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံအတွက် ကိုယ်စားပြုမယ့်သူနေရာအတွက် ဆုံးဖြတ်မယ့် အစီအစဉ်ကို ကုလသမဂ္ဂရဲ့ စိစစ်ရွေးချယ်ရေး ကော်မတီ (Credentials Committee) က ဆိုင်းငံ့လိုက်တာဖြစ်ပြီး  လက်ရှိ ကုလသမဂ္ဂဆိုင်ရာအမြဲတမ်းကိုယ်စားလှယ် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက  မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ် ဆက်လက် တာဝန်ယူခွင့်ရမှာ ဖြစ်ပါတယ်။ 

အဖွဲ့ဝင် ၉ ဦး ပါဝင်တဲ့ ကုလသမဂ္ဂရဲ့ စိစစ်လက်ခံရေး ကော်မတီမှာ ကိုယ်စားပြုခွင့် လျှောက်ထားမှုတွေထဲက ဆွေးနွေးရာမှာ အာဖဂန်နစ္စတန်နဲ့ မြန်မာတို့နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် မချပဲဆိုင်းငံ့လိုက်တာဖြစ်ပါတယ်။

ဒါကြောင့် အာဖဂန်နစ္စတန်မှာ တကျော့ပြန် အာဏာရခဲ့တဲ့ တာလီဘန်တွေရော၊ မြန်မာ အာဏာသိမ်းစစ်ကောင်စီပါ   ကုလသမဂ္ဂမှာ  နိုင်ငံကို ကိုယ်စားပြုခွင့်မရ ဖြစ်သွားခဲ့တာပါ။ 

အခုလိုမြန်မာစစ်ကောင်စီက အမည်စာရင်းတင်သွင်းထားတဲ့ကိုယ်စားလှယ်ကို ကုလသမဂ္ဂ မှာ မြန်မာနိုင်ငံကိုယ်စားပြုခွင့်မပြုကြောင်း ဆုံးဖြတ်ချက်ကို ဝမ်းမြောက်စွာ ကြိုဆိုကြောင်းနဲ့ ကော်မတီဥက္ကဋ္ဌ ဆီဒင်နိုင်ငံဆိုင်ရာ ကုလ သမဂ္ဂ သံအမတ်ကြီးနဲ့ ကော်မတီ အဖွဲ့ဝင်တွေအားလုံးကို မြန်မာပြည်သူတွေ ကိုယ်စား များစွာကျေးဇူးတင်ရှိတယ်လို့ CRPH ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်လုပ်ရပ်များရပ်တန့်ရေး အပါအဝင် စစ် အာဏာရှင်အပြီးတိုင်း ကျဆုံးရေးနဲ့ ဒီမိုကရေစီ ပြန်လည်ရရှိရေးတို့အတွက် ကမ္ဘာနိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ စစ်ကောင်စီအပေါ် ထိရောက်တဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ သံတမန် ရေးပိတ်ဆို့မှုတွေဟာ အရေးပါတဲ့ ကူညီဆောင်ရွက်မှုတွေဖြစ်တယ်လို့ဆိုပါတယ်။ 

ဒါကြောင့် မြန်မာပြည်သူတွေရဲ့ ကြီးမားတဲ့ မျှော်လင့်ချက်နဲ့ ဆန္ဒသဘောထားတွေအရ ကော်မတီရဲ့ ဆုံးဖြတ်ချက်ကို ၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ အတည်နိုင်ရေး ဆက်လက်ကူညီပေးဖို့  အဖွဲ့ဝင်နိုင်ငံတွေကို  CRPH က တိုက်တွန်းတောင်းဆိုပါတယ်။

အခုလို ခက်ခဲတဲ့ အချိန်မှာ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပြီး ပြည်သူလူထုကိုယ်စားပြုနေတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိနိုင်ရေး ရပ်တည်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013