
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ မတ် ၂၅ ရက်က ပြုံယမ်းမြို့တော်မှာ ဘယ်လာရုစ် သမ္မတ အာဏာရှင် အလက်ဇန္ဒားလူကာရှန်ကို ကို အမြောက် ၂၁ ချက် ပစ်ဖောက် ဂုဏ်ပြု ကြိုဆို ခဲ့ပါတယ်။
ဒါဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ မဟာမိတ်တွေဖြစ်တဲ့ မြောက်ကိုရီးယားနဲ့ ဘယ်လာရုစ် ၂ နိုင်ငံကြား ဆက်ဆံရေးခိုင်မာကြောင်း ပြသတာလည်းဖြစ်ပါတယ်။
ကင်မ်က ယူကရိန်းစစ်ပွဲအတွက် ရုရှားအစိုးရကို ကျည်ဆန်သန်းပေါင်းများစွာ ထောက်ပံ့ပေးခဲ့သလို ရုရှနိုင်ငံအနောက်ပိုင်းက သမိုင်းဝင် ကို့စ်ခ်ဒေသကို ကျူးကျော်ခဲ့တဲ့ ယူကရိန်းတပ်ဖွဲ့တွေကို မောင်းထုတ်ဖို့ မြောက်ကိုရီးယားတပ်ဖွဲ့တွေကိုလည်း စေလွှတ်ပေးခဲ့ပါတယ်။
အာဏာရှင် လူကာရှန်ကိုကလည်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီကစတဲ့ ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်မှုအတွက် ဘယ်လာရုစ်နိုင်ငံပိုင်နက်ကို သုံးခွင့်ပေးခဲ့ပြီး နောက်ပိုင်းမှာ နေတိုးမဟာမိတ် နိုင်ငံ ၃ နိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ သူ့နယ်မြေထဲမှာ ရုရှားရဲ့ နည်းဗျူဟာမြောက် နျူကလီးယားဒုံးကျည်တွေကို လက်ခံထားရှိဖို့ သဘောတူခဲ့ပါတယ်။
လူကာရှန်ကိုရဲ့ နိုင်ငံခြားရေးဝန်ကြီး မက်ဇင်း ရိုင်ဇန်ကော့ဗ်က ၂ ရက်ကြာ ခရီးစဉ်အတွင်း ၂ နိုင်ငံ ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး စာချုပ်တရပ်ကို လက်မှတ် ထိုးမယ်လို့ ဘယ်လာရုစ် နိုင်ငံပိုင် မီဒီယာကို ပြောပါတယ်။
လက်ရှိ ကုန်သွယ်မှုက အသင့်အတင့် အနေအထားမှာ ရှိနေပေမဲ့ အစားအသောက်နဲ့ ဆေးဝါးတွေ အပါအဝင် ကဏ္ဍတွေမှာ မြှင့်တင်ဖို့ အလားအလာ ရှိတယ်လို့လည်း သူက ပြောပါတယ်။
အမေရိကန် သမ္မတဒေါ်နယ်ထရမ့်ပ်ရဲ့သံတမန် ဂျွန်ကိုးလ်နဲ့တွေ့ပြီး ထိန်းသိမ်းခံထားရသူအယောက် ၂၅၀ ကို လွှတ်ပေးမယ်လို့ ကြေညာပြီး ၆ ရက်အကြာမှာ လူကာရှန်ကိုရဲ့ မြောက်ကိုရီးယားခရီးစဉ် ပေါ်ပေါက်ခဲ့တာပါ။
လူကာရှန်ကိုဟာ မကြာမီ အမေရိကန်သမ္မတအိမ်ဖြူတော်ကို လာလည်နိုင်တယ်လို့ အမေရိကန်က ပြောပါတယ်။
Source:Reuters











