DVB Logo
Home
မြန်မာသတင်း
နွေဦးထီပေါက်သူ ၇၈ ဦးရှိ ၊ ၅၅ ဦးက ဆုကြေးကို NUG သို့ ပြန်လှူဒါန်း
DVB
·
December 1, 2021
နွေဦးထီပေါက်သူ ၇၈ ဦးရှိ ၊ ၅၅ ဦးက ဆုကြေးကို NUG သို့ ပြန်လှူဒါန်း
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ရောင်းချခဲ့တဲ့ နိုဝင်ဘာလအတွက် “အောင်လံလွှင့်ချီ နွေဦးထီ”ပေါက်သူ ကံထူးရှင် ၇၈ ယောက်ရှိခဲ့ပြီး  အဲဒီထဲက ဆုမဲပေါက်သူ ၅၅ ယောက်က ဆုကြေးတွေကို ပြန်လည်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ လတုန်းက စမ်းသပ်ရောင်းချခဲ့တဲ့ နွေဦးထီကံထူးရှင်ရွေးချယ်ပွဲမှာတော့ ကံထူးသူ ၇၅ ယောက်ထဲက ၆၃ ယောက်က တော်လှန်ရေးအတွက် ပြန်လည်လှူဒါန်းပေးခဲ့တာ ဖြစ်ပြီး နွေဦးထီ မိသားစုရဲ့ ဂုဏ်ပြုမှတ်တမ်းလွှာတွေကို ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

NUG အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ကတော့ နွေဦးတော်လှန်ရေး အောင်ပွဲကို အမြန်ဆုံးရယူနိုင်ဖို့ဆိုရင် အကြမ်းဖက်စစ်တပ်ကို ဘက်ပေါင်းစုံက အရှိန်မြှင့်တင် ဖိအားပေးနေဖို့ လိုအပ်တာကြောင့် ရှုထောင့်ပေါင်းစုံ၊ ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံက ဟန်ချက်ညီစွာ ဖက်ဆစ်စစ်တပ်ကို အနားလုံးဝမပေးဘဲ တိုက်ပွဲဝင်နေကြဖို့ တိုက်တွန်းထားပါတယ်။

“ငွေတိုက်စာချုပ် လက်လှမ်းမီသူတွေ ငွေတိုက်စာချုပ်ဝယ်ကြပါ။ နွေဦးထီကို လက်လှမ်းမီသူတွေ နွေဦးထီထိုးကြပါ။ click to donate ကို လက်လှမ်းမီ သူတွေ အချိန်ရတိုင်း click ကြပါ။ စစ်အုပ်စု အသက်ဆက်ဖို့ လိုအပ်နေတဲ့ အခွန်အခတွေကို မပေးဆောင်ဘဲတောင့်ခံနိုင်သူတွေ တောင့်ခံထားကြပါ။ စားတာသောက်တာ သွားတာလာတာကအစ စစ်အုပ်စုနဲ့ မပတ်သက်ဖို့ကို မမေ့မလျော့ဘဲ သတိကပ် စားသောက်သွားလာ နေထိုင်ပေးကြပါ။ မြန်မာဘီယာ သောက်နေမိသလား၊ မိုင်တဲလ်ဆင်း ကတ်သုံးနေမိ သလား၊ vigas စီးကရက် ဖွာနေမိသလား ဆိုတာကို အသိ သတိကပ်ပြီး ဆင်ခြင်ရှောင်လွှဲပေးကြပါ။ အဲဒါတွေ တစ်ခုမှ လက်လှမ်းမမီတဲ့သူတွေအနေနဲ့လည်း အကြမ်း ဖက်စစ်တပ်ကို ထိုင်မုန်းပေးနေကြပါ။ ဒါမှသာ ကျနော်တို့အားလုံး ရည်မျှော်မှန်းတဲ့ ပန်းတိုင်ကို ရက်တိုတိုအတွင်း အရောက်လှမ်းနိုင်မှာပဲ ဖြစ်ပါတယ်”

နွေဦးထီစနစ်သစ်မှာတော့ လုံခြုံရေးကို အထူးဂရုပြုထားပြီး ထီလက်မှတ်ဝယ်ယူရာမှာ အရင်က pilot project နဲ့ ပုံစံအနည်းငယ်ပြောင်းလဲထားပြီး Wave Account (သို့မဟုတ်) Wave Pay, KBZ Pay, True Money Agent တွေကတဆင့် ဝယ်ယူမယ့် ထီစောင်ရေ ကျသင့်ငွေအတိုင်း password နဲ့ ကြိုတင်ငွေလွှဲပြီး ဝယ်ယူရမှာ ဖြစ်ပါတယ်။

ပြည်သူတွေရဲ့ ဝန်းရံမှုနဲ့အတူ နွေဦးထီဟာ Pilot Project ကနေ Commercial Launch အဆင့်ကို ရောက်ရှိခဲ့ပြီဖြစ်ကာ အခုဒီဇင်ဘာလအတွက် နွေဦးထီလက်မှတ်တွေကိုလည်း ပုံမှန်အချိန် မနက် ၁၀ နာရီကနေ ည ၁၀ နာရီ အချိန်အထိ ဝယ်ယူအားပေးနိုင်မယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ခုတခါမှာတော့ အများနဲ့ ဝယ်ယူလိုတဲ့ နွေဦးထီ ချစ်သူတွေအတွက် Bulk Sales စနစ်ကိုလည်း စတင်မိတ်ဆက်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ အထူးငွေတိုက်စာချုပ်တွေကိုလည်း  နိုဝင်ဘာ ၂၂ ရက်နေ့မှာ စတင်ရောင်းချခဲ့ရာမှာ တပတ်အတွင်း ဝယ်ယူကြတဲ့ ပမာဏများ ပြားလွန်းတာကြောင့် ရောင်းချတဲ့လုပ်ငန်းစဉ်ကို ခေတ္တရပ်နားမယ်လို့ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

အောင်လံလွှင့်ချီနွေဦးထီကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်နေ့မှာ စတင် ရောင်းချခဲ့တာဖြစ်ပြီး  ထီရောင်းချရမှုရဲ့ ၇၀ ရာခိုင်နှုန်းကို နိုင်ငံ့၀န်ထမ်း CDM တွေအ တွက် သုံးစွဲသွားမှာဖြစ်ပြီး ၃၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည်ပေးအပ်သွားဖို့ ကြေညာ ထားပါတယ်။

အာဏာသိမ်း စစ်ကောင်စီကတော့ အဆိုပါထီနဲ့ ပတ်သက်ပြီး ဖွင့်လှစ်ရောင်းချသူတွေနဲ့ အားပေးအားမြှောက်ပြုလုပ်သူတွေကို တရားစွဲ၊ ဖမ်းဆီး ထောင်ချသွားမယ်လို့ ခြိမ်းခြောက်ကြေညာထားပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေ သပိတ်မှောက်ပြီး မထိုးဘဲနေတဲ့  အောင်ဘာလေထီကိုလည်း အွန်လိုင်းကနေရောင်းချဖို့ အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီက စီစဉ်နေပေမယ့် ခုချိန်ထိ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013