DVB Logo
Home
မြန်မာသတင်း
နတ်မောက်မြို့ ၌ ဖမ်းဆီးခံထားရသူများကို မိသားစုဝင်များ အဆက်အသွယ်မရဖြစ်နေ
DVB
·
December 1, 2021
နတ်မောက်မြို့ ၌ ဖမ်းဆီးခံထားရသူများကို မိသားစုဝင်များ အဆက်အသွယ်မရဖြစ်နေ
Donate to DVB

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းရက်တွေက စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို ညအချိန်မတော် ဝင်ရောက်ရှာဖွေ ဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတဦးက “အခုတလော မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေ တော်တော်လေး သောင်းကျန်းနေတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့မြို့ဖြစ်နေလို့ ပိုဖိနေတာလား မသိပါဘူးဗျာ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့ညပိုင်းက မိသားစုလိုက် ဖမ်းဆီးခံရတဲ့ ကိုဇင်လင်းထွန်းဇနီးဖြစ်သူ မဝေဝေနှင်းနဲ့ သားဖြစ်သူ ၁၉ နှစ်အရွယ် မောင်သူရိန်ဦးတို့ကို ဖမ်းဆီးခံရပြီးကတည်းက ဒီနေ့ချိန်အထိ အဆက်အသွယ်မရဘူးလို့ ဆွေမျိုးတဦးက ပြောပါတယ်။

“သူတို့ဖမ်းခံရပြီးကတည်းက ဘယ်မှာထားတယ်ဆိုတာကို အခုအချိန်အထိမသိရသေးဘူး။ ဆွေမျိုးမွေးချင်းအသိုင်းအဝိုင်းနဲ့ မြို့နေပြည်သူများက စိုးရိမ်ပူပန်နေကြတယ်။ သူတို့မိသားစုက နတ်မောက်အတွက် ကျရာအခန်းကဏ္ဍကနေ အင်တိုက်အားတိုက် တက်တက်ကြွကြွနဲ့ ပူးပေါင်းပါဝင်လုပ်ဆောင်ပေးတဲ့ မိသားစုလေးဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့မိသားစုလေးလည်း အမြန်လွတ်မြောက်စေချင်တယ်။”

နတ်မောက်မြို့နယ်၊ ဖလန်ပင် ကျေးရွာက ကိုမိုးဇော်ဌေးကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နိုဝင်ဘာ ၂၇ ရက် နေ့ညပိုင်းက နေအိမ်ကိုဝိုင်းပြီး မျက်နှာကို အဝတ်စည်း လက်ပြန်ကြိုးတုပ်ပြီး ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

မိသားစုနဲ့နီးစပ်သူတဦးက “ဒီနေ့အချိန်အထိ အဆက်အသွယ်မရသေးဘူး။ လာဖမ်းတုန်းကလည်း အိမ်အောက်ဈေးခြင်းတောင်းထဲက ငွေကျပ်သုံးသောင်းလည်း ပျောက်ဆုံးသွားတယ်။ ကိုမိုးဇော်ဌေးက ရပ်ရွာထဲမှာ ရိုးသားစွာနေထိုင်သူတစ်ယောက်ဖြစ်ပြီး ဘာ့ကြောင့် ဖမ်းခံရတယ်ဆိုတာကိုတော့ အသေးစိတ်စုံစမ်းနေတုန်းပဲ၊ အခုသူ့ကို ဘယ်မှာချူပ်ထားလည်းဆိုတာ မသိရသေးဘူး” လို့ ပြောပါတယ်။

နတ်မောက်မြို့နယ်၊ တွင်းကြီးကျေးရွာနေထိုင်တဲ့ ဒေသခံအပြစ်မဲ့ပြည်သူ ၃ ဦးနဲ့ CDM ကျောင်းဆရာ ၁ ဦးတို့ကိုလည်း စစ်ကောင်စီတပ်သားတွေက နိုဝင်ဘာ ၂၇ ရက်နေ့မှာ နေအိမ်တွေကနေ ရိုက်နှက်ဖမ်းဆီးသွားပါတယ်။

နိုဝင်ဘာ ၂၉ ရက်နေ့ညကလည်း နတ်မောက်မြို့နယ်၊ တံခွန်တိုင်ကျေးရွာမှာနေထိုင်တဲ့ အသက် ၅၀ အရွယ် ဒေါ်မြမြဝင်းကို အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးသွားပြီး နေအိမ်အတွင်းက ပစ္စည်းတွေကိုလည်း ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

ဒလန်တွေရဲ့ မမှန်မကန်သတင်းပေးမှုတွေကြောင့် အခုလို အပြစ်မဲ့ပြည်သူတွေ နစ်နာနေကြရတာလို့ ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

နတ်မောက်မြို့နယ်က ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေကို နိုဝင်ဘာ ၁၄ ရက်နေ့ နောက်ဆုံးထား နုတ်ထွက်ဖို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်က သတိပေးထားပေမယ့် အချို့အုပ်ချုပ်ရေးမှူးတွေဟာ နုတ်ထွက်ဟန်ပြပြီး စစ်ကောင်စီသတင်း ပေး ဒလန်လုပ်နေသူတွေ ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013