DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်တွင်းဘဏ်များတွင် ပြည်သူများငွေထုတ်ယူရ ပိုမိုခက်ခဲလာ
DVB
·
December 1, 2021
မြန်မာပြည်တွင်းဘဏ်များတွင် ပြည်သူများငွေထုတ်ယူရ ပိုမိုခက်ခဲလာ
Donate to DVB

မြန်မာပြည်တွင်းဘဏ်လုပ်ငန်းတွေ ပုံမှန်အတိုင်း ပြန်ဖြစ်တော့မယ်၊ ဘဏ်ငွေထုတ်ယူရခက်တဲ့ ပြဿနာကိုဖြေရှင်းပေးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီက ပြောနေပေမဲ့ လက်တွေ့မှာတော့ အများပြည်သူတွေဟာ ဘဏ်အပ်ငွေတွေက ထုတ်ယူဖို့ ပိုခဲယဥ်းလာတာနဲ့ ကြုံတွေ့နေရပါတယ်။

ATM နဲ့ ဘဏ်တွေကနေ ငွေသားထုတ်ယူမှု ကန့်သတ်ချက်နဲ့ အခက်အခဲတွေကို  စက်တင်ဘာလမှာ စတင်ဖြေလျှော့ပေးဖို့ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦး၀င်းသော်က ပြီးခဲ့တဲ့ သြဂုတ်လ အတွင်းမှာ ပြည်တွင်းမီဒီယာ တချို့ကို ပြောကြားခဲ့ပါတယ်။

စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း စစ်ကောင်စီ အနေနဲ့ ဒီဇင်ဘာလလောက်မှာ  ဒီအခက်အခဲတွေကို ဖြေရှင်းပေးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ မကြာသေးခင်က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါသေးတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ ပြည်သူတွေဟာ ဘဏ်တွေကို အယုံအကြည်နည်းလာပြီး ဘဏ်အကောင့်ထဲက မိမိတို့ရဲ့ ငွေတွေကို ထုတ်ယူဖို့ ကြိုးစားကြရာကနေ ဘဏ်တွေမှာ ငွေသားရှားပါးမှု ကြုံလာပြီး ဘဏ်အသုံးပြုသူတွေကို ငွေလိုသလောက် ထုတ်မပေးနိုင်တော့တဲ့ အခြေအနေဟာ အခုဆိုရင် လပေါင်းများစွာ ရှိနေပါပြီ။

စစ်ကောင်စီဘက်က ဖြေရှင်းပေးမယ်လို့ အကြိမ်ကြိမ် ကတိပေးနေပေမဲ့ လက်ရှိမှာ အများပြည်သူဟာ ATM စက်တွေကနေ ငွေထုတ်ယူလို့ မရသေးသလို၊  ငွေသားထုတ်ယူဖို့အတွက် အွန်လိုင်းကနေ booking လျှောက်ပြီး Token(တုံကင်)ယူရတဲ့စနစ်၊ Phone booking ယူရတဲ့စနစ်တွေနဲ့သာ မိမိဘဏ်အပ်ငွေကို ခက်ခက်ခဲခဲထုတ်ယူနေရပါတယ်။

ငွေထုတ်ယူလိုသူ များတာကြောင့်  system error ဖြစ်တာ၊ အင်တာနက်လိုင်း မကောင်းတာတွေ အမြဲကြုံတွေ့နေရပြီး ငွေထုတ်ယူခွင့်ရရှိဖို့ ခက်ခဲတယ်လို့ ဘဏ်အသုံးပြုသူတွေက ဆိုပါတယ်။

“ATM  စက်တွေက ထုတ်မပေးတာ အတော်ကြာပြီ၊ ငွေထုတ်ချင်ရင် အွန်လိုင်းကနေ ဘိုကင် တင်ရတယ်။ ယူတဲ့သူတွေများလို့ ဘိုကင်ယူဖို့  တစ်စက္ကန့်နောက်ကျရင်ကို မရဘူး။ မရလိုက်တာက များတယ်။ Phone booking လည်း ဒီတိုင်းပဲ ရဖို့မလွယ်ဘူး။ ဖုန်းတွေက ခေါ်မရတာနဲ့၊ မအားတာနဲ့၊ ၀င်ပြီးမကိုင်တာနဲ့၊ အချိန်အရမ်းပေးရတယ်”လို့ ဘဏ်အသုံးပြုသူ တစ်ဦးက ပြောပါတယ်။

ဘဏ်တွေက ငွေထုတ်ယူခွင့်အတွက် အွန်လိုင်း  booking ဝန်ဆောင်မှုရယူနိုင်မယ့် အချိန်ကို အတိအကျ ထုတ်ပြန်ပေးထားခြင်းမရှိတဲ့အတွက်  ငွေထုတ်ယူသူတွေကို အခက်အခဲ ဖြစ်စေပြီး အပလီကေးရှင်းတွေကနေ တစ်ဆင့်ဘိုကင်တင်ရတဲ့အတွက် အသက်ကြီးသူတွေ၊ နည်းပညာ မကျွမ်းကျင်သူတွေလည်း ငွေထုတ် ၀န်ဆောင်မှု ရယူဖို့ ခက်ခဲတယ်လို့ သိရပါတယ်။

“ဘယ်အချိန်တွေပေးမယ်ဆိုတာကို တရား၀င် ထုတ်ပြန်ပေးတာတွေ မရှိဘူး။ သူ ပေးချင်တဲ့ အချိန်တွေ ထပေးတော့ user တွေက အရမ်းအခက်အခဲဖြစ်တယ်။ ဘယ်အချိန်ပေးမလဲ မသိတာကို  စောင့်ယူနေရတာ အချိန်တွေ အတော်အလဟဿ ဖြစ်တယ်။ ပြီးတော့  Kpay agent ကနေ ထုတ်ရင် အရင် ၃ သိန်းပေးတယ် အခု ၂ သိန်းပဲ ထုတ်ပေးတော့တယ်။ ၀န်ဆောင်ခ ၂ ထောင်ပေးရတယ်။ ဒါတောင် ၀န်ထမ်းတွေရဲ့ စစ်ဆေးမေးမြန်းတာ ခံရတယ်။ ကိုယ် မအားလို့ မိသားစု၀င်ထဲက တစ်ယောက်ယောက် ထုတ်ခိုင်းရင်တောင် မရဘူး”လို့လို့ KBZ bank  အသုံးပြုသူ တစ်ဦးက ပြောပါတယ်။

အခုလို  အများပြည်သူအပ်ငွေတွေ ဘဏ်ထဲကနေ ထုတ်ယူရခက်ခဲသလို လိုသလောက် ထုတ်မရသေးတာကြောင့် အများစုက ရာခိုင်နှုန်းတစ်ခုပေးပြီး ပြင်ပမှာ ငွေထုတ်ယူနေကြရဆဲပါ။ လက်တလော အဲဒီစျေးကွက်မှာ ရာခိုင်နှုန်းအနေနဲ့ ၅ ရာခိုင်နှုန်းကနေ ၆ ရာခိုင်နှုန်းကြားမှာ အလဲအလှယ် လုပ်ကြတယ်လို့သိရပါတယ်။

စစ်အာဏာသိမ်းပြီး တစ်လအကြာမှာ စစ်ကောင်စီရဲ့ဗဟိုဘဏ်ဟာ ဘဏ်ငွေထုတ်ယူမှုတွေကို  စတင် ကန်သတ်ခဲ့ပါတယ်။ လူပုဂ္ဂိုလ် တစ်ဦချင်းအပ်ငွေ ထုတ်ယူရာမှာ  ATMကနေ ငွေသားထုတ်ယူမှုကို တစ်ရက်ကို အများဆုံး ၅ သိန်း၊ ဘဏ်စာရင်းကနေ ဘဏ်မှာ ငွေထုတ်ယူမယ်ဆိုရင် လူတစ်ဦးကို တစ်ပတ်အများဆုံး သိန်း၂၀အထိသာ ထုတ်ခွင့်ပေးဖို့ ကန့်သတ်လိုက်ပါတယ်။ ကုမ္ပဏီတွေ ၊အဖွဲ့အစည်းတွေကိုတော့ တစ်ပတ်မှာ အများဆုံး ကျပ် သိန်း၂၀၀အထိ ထုတ်ယူနိုင်တယ်လို့ ကန့်သတ်ခဲ့တာပါ။

ကိုဗစ်ရောဂါနဲ့ဆိုင်တဲ့ အသုံးစရိတ်တွေအတွက် ဖြစ်ရင်တော့ အဲဒီကန့်သတ်ပမာဏထက် ကျော်လွန်ပြီး ငွေထုတ်ယူခွင့်ပေးဖို့ ဘဏ်တွေကို စစ်ကောင်စီ ဗဟိုဘဏ်က ညွှန်းကြားထားပါတယ်။

လက်ရှိ ပြည်တွင်းဘဏ်အများစု တွေကတော့  ATM ၀န်ဆောင်မူကို ရပ်နားထားပြီး တစ်ဦးချင်း ဘဏ်စာရင်းတစ်ခုမှာ တစ်ပတ်ကို အများဆုံးကျပ် ၃ သိန်းကနေ ၅သိန်းထိသာ ငွေထုတ်ယူခွင့် ပေးနေပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ် တာ၀န်ရှိသူကတော့ ကန့်သတ်ပမာဏထက်  ကျော်လွန် ထုတ်ပေးနိုင်ဖို့ စီစဥ်နေတယ်လို့ ပြောကြားထားပေမဲ့ လက်ရှိအချိန်ထိတော့ အများပြည်သူဟာ ဘဏ်ငွေ ထုတ်ယူမှု ခက်ခဲနေဆဲပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013