DVB Logo
Home
မြန်မာသတင်း
မြန်မာ့လူဦးရေ ထက်ဝက်ခန့် ဆင်းရဲတွင်းထဲ ကျရောက်နိုင်ဟု UNDP ခန့်မှန်း
DVB
·
December 1, 2021
မြန်မာ့လူဦးရေ ထက်ဝက်ခန့် ဆင်းရဲတွင်းထဲ ကျရောက်နိုင်ဟု UNDP ခန့်မှန်း
Donate to DVB

ကိုဗစ်ကပ်ရောဂါကြောင့်နဲ့ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် လွန်ခဲ့တဲ့ငါးနှစ်ကထက် စီးပွားရေးကျဆင်းလာတာကြောင့် လာမယ့်နှစ်အစောပိုင်းမှာ မြန်မာနိုင်ငံ လူဦးရေရဲ့ ထက်ဝက်နီးပါး ဆင်းရဲတွင်းထဲ ကျရောက်မယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (UNDP) က ခန့်မှန်းပြောပါတယ်။

တစ်ရက်ဝင်ငွေ ၁၅၉၀ ကျပ် (၀.၉၀ ဒေါ်လာ) ရရှိပြီး UNDP က သတ်မှတ်တဲ့ ဆင်းရဲနွမ်းပါးမှု မျဉ်းအောက်နေထိုင်သူအရေအတွက်ဟာ  တနိုင်ငံလုံးမှာ ၂၀၁၇ ခုနှစ်က ၂၄ ဒသမ ၈ ရာခိုင်နှုန်း ရှိရာကနေ ၄၆ ဒသမ ၃ ရာခိုင်နှုန်းကို နှစ်ဆနီးပါး တိုးလာမယ်လို့လည်း ဆိုပါတယ်။ 

မြို့ပြဒေသတွေမှာ  ၂၀၁၇ ခုနှစ်က ၁၁ ဒသမ ၃ ရာခိုင်နှုန်းကထက် ၂၀၂၂ ခုနှစ်အစောပိုင်းမှာ ၃၇ ဒသမ ၂ ရာခိုင်နှုန်းဟာ ဆင်းရဲတွင်းကို ကျရောက်သွားမှာဖြစ်ပြီး ပိုပြီးတုန်လှုပ်စရာပါလို့လည်း ဆိုပါတယ်။

ဒီလောက်အတိုင်းအတာ ဆင်းရဲမွဲတေမှုထဲ ကျရောက်သွားတာက လူလတ်တန်းစားတွေဟာ ပါဝင်လာတာကြောင့်လို့ UNDP အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ဗျူရိုရဲ့ဒါရိုက်တာ ကန်နီဝစ်နာရာဂျာက Nikkei Asia သတင်းဌာနကို နိုဝင်ဘာ ၃၀ ရက်နေ့မှာ ပြောကြားခဲ့တာပါ။ 

လူလတ်တန်းစားတွေဟာ ပုံမှန်အားဖြင့် စီးပွားရေးတစ်ခုမှာ တိုးတက်မှုကို အားကောင်းစေတာ ဖြစ်ပြီး လူလတ်တန်းစားတွေရဲ့ သုံးစွဲမှုဟာ အလုပ်အကိုင်သစ်တွေ၊ လုပ်ငန်းအသစ်တွေကို ဖန်တီးပေးလိမ့်မယ်လို့လည်း ပြောပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ တချိန်က တိုးတက်နေတဲ့ အထည်အလိပ်၊ ခရီးသွားလုပ်ငန်း၊ ဧည့်ဝတ်ကျေပွန်မှုနဲ့ ဆောက်လုပ်ရေးလုပ်ငန်းကြီးတွေအားလုံးဟာ ကိုဗစ်-၁၉ နဲ့ နိုင်ငံရေး ကသောင်းကနင်း ဒဏ်နှစ်ရပ်စလုံးကြောင့် အပြင်းအထန် ထိခိုက်ခဲ့ရပါတယ်။

အလုပ်အကိုင် ဆုံးရှုံးထားရသူတွေဟာ အခုအခါ ဝင်ငွေဆုံးရှုံးတာ ဒါမှမဟုတ် ဝင်ငွေ လျော့နည်းသွားရတာတွေကို ဖာထေးသုံးစွဲဖို့အတွက် စုဆောင်းထားတဲ့ ငွေတွေကို မှီခိုစားသောက်နေကြရပြီဖြစ်ပြီး လူလတ်တန်းစားတွေအတွက် ပြိုလဲကျတော့မယ့် အခြေအနေ ဖြစ်နေပြီလို့လည်း ဝစ်နာရာဂျာက ပြောပါတယ်။

စက်တင်ဘာလက ထုတ်ပြန်ခဲ့တဲ့ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ စီးပွားရေးအလားအလာအရ မြန်မာနိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်းထုတ်ကုန်ဟာ ၂၀၂၁ ခုနှစ်မှာ ၁၈ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းမယ်လို့ ခန့်မှန်းထားပြီး ယခင်ခန့်မှန်းချက် ၉ ဒသမ ၈ ရာခိုင်နှုန်းကနေ လျော့ကျသွားတာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလက စစ်တပ်အာဏာသိမ်းမှုနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လယ်ယာမဟုတ်တဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ ၀င်ငွေ ၅၀ ရာခိုင်နှုန်းလောက် ကျဆင်းခဲ့ပြီး လုပ်ခနဲ့စိုက်ပျိုးရေးဝင်ငွေ ၂၅ ရာခိုင်နှုန်း ကျဆင်းကာ ငွေလွှဲခြင်းနဲ့ လူမှုရေးအလွှဲအပြောင်း ၁၀ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ UNDP က ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ပြောထားပါတယ်။ 

ရလဒ်အနေနဲ့ အခု မြန်မာလူဦးရေ ထက်ဝက်နီးပါးဟာ အမှန်တကယ် ခက်ခဲတဲ့အချိန်တွေနဲ့ ရင်ဆိုင်နေရပြီဖြစ်ကြောင်း UNDP ကနေ သိရပါတယ်။ 

ဒါအပြင် အခုချိန်မှာ စစ်တပ်နဲ့ဆန္ဒပြသူတွေအကြား ပဋိပက္ခတွေ အရှိန်လျော့လာဖို့ UNDP က မျှော်လင့်ထားပေမဲ့ တင်းမာမှုတွေက နိုင်ငံအနှံ့အပြားမှာ ပျံ့နှံ့နေဆဲ ဖြစ်တယ်လို့   ဝစ်နာရာဂျာက ပြောကြားပါတယ်။

ပြည်တွင်းဈေးကွက်နဲ့ ထောက်ပံ့ရေးကွင်းဆက်တွေ ချေဖျက်ခံရတာကြောင့် အထူးသဖြင့် တောင်သူလယ်သမားငယ်တွေအတွက် အလွန်အမင်း ခက်ခဲတဲ့အခြေအနေကို ဖြစ်စေတယ်လို့လည်း ပြောသွားပါတယ်။

မြန်မာ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်၊ လာအိုနဲ့ နီပေါနိုင်ငံတွေဟာ  ကမ္ဘာ့ဖွံ့ ဖြိုးမှုအနည်းဆုံးနိုင်ငံတွေ(LDCs)အဆင့်က‌နေ လွတ်မြောက်သွားခဲ့ပြီလို့ ကုလသမဂ္ဂ အထွေထွေညီလာခံက ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်က အတည်ပြုလိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013