DVB Logo
Home
မြန်မာသတင်း
သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို အဂတိမှု ၁ မှု ထပ်တိုး အမှုဖွင့်
DVB
·
December 1, 2021
သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို  အဂတိမှု ၁ မှု ထပ်တိုး အမှုဖွင့်
Donate to DVB

ပြည်သူတွေအတွက် သဘာဝဘေးအန္တရယ်ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့  ရဟတ်ယာဉ်တစ်စီးဝယ်ယူ ငှားရမ်းအသုံးပြုခဲ့တာနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်ကောင်စီက အဂတိလိုက်စားမှုနဲ့ အမှုဖွင့်လိုက်ပါတယ်။ 

ရဟတ်ယာဉ် ငှားရမ်း၊ ဝယ်ယူ ထိန်းသိမ်း စောင့်ရှောက်တဲ့ကိစ္စနဲ့ပတ်သတ်တဲ့ စွပ်စွဲချက်နဲ့  အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ နေပြည်တော်၊ ဘုရားကုန်း မြို့မရဲစခန်းမှာ နိုဝင်ဘာ ၃၀ ရက်နေ့မှာ စစ်ကောင်စီက အမှုထပ်ဖွင့်လိုက်တာပါ။

ရဟတ်ယာဉ်ကိစ္စ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အပေါ်  အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ နေပြည်တော်၊ ဘုရားကုန်း မြို့မ ရဲစခန်းမှာ ပြီးခဲ့တဲ့  ဩဂုတ် ၂၇ ရက်က ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်ခဲ့ပြီး ထပ်မံစစ်ဆေး ပေါ်ပေါက်ချက်အရ သမ္မတဟောင်း ဦးဝင်းမြင့်နဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်တို့ကို အမှုထပ်ဖွဲ့လိုက်တာလို့ စစ်ကောင်စီပြန်ကြားရေးက နိုဝင်ဘာ ၃၀ ရက်မှာသတင်းထုတ်ပါတယ်။

နိုင်ငံခေါင်းဆောင် နှစ်ဦးဟာ နိုင်ငံရေး ရာထူးလက်ရှိဖြစ်ခဲ့စဉ်က ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ်ယူခြင်းနဲ့ ထိန်းသိမ်း စောင့်ရှောက်ရေး ကိစ္စရပ်တွေမှာ သူတို့ရဲ့ လုပ်ပိုင်ခွင့် အခွင့်အာဏာကို အသုံးပြုပြီး ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာ ဆောင်ရွက်ခြင်းမပြုဘဲ ရုံးတွင်းစာ အဆင့်ဆင့်နဲ့ ခွင့်ပြုပေးခဲ့လို့  နိုင်ငံတော်၏ဘဏ္ဍာငွေကြေး၊ ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ဆုံးရှုံးစေခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အာဏာသိမ်းပြီးနောက် အမှု ၁၁ မှုနဲ့ တရားစွဲထားတာဖြစ်ပြီး အခု ရဟတ်ယာဉ်ကိစ္စ အဂတိမှု တမှုထပ်တိုးလိုက်သလို စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ကလည်း ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုနဲ့ ထပ်တရားစွဲထားတဲ့အတွက် ရင်ဆိုင်ရမယ့်အမှု ပိုများလာမှာ ဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ သုံးဦးတွဲအစွဲခံထားရတဲ့ ပုဒ်မ ၅၀၅(ခ)အမှုနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတတို့ကို သီးခြားစီစွဲဆိုထားတဲ့ သဘာဝဘေးပုဒ်မအမှု ၂ ခု၊ စုစုပေါင်းအမှု ၃ ခုကို  မနေ့က နိုဝင်ဘာ ၃၀ ရက်နေ့မှာ အပြီးသတ်စီရင်ချက်ချဖို့ ချိန်းဆိုခဲ့ပေမယ့် တရားရုံးက ဒီဇင်ဘာ ၆ ရက်နေ့မှ အမိန့်ချမယ်ဆိုပြီး ရက်ရွှေ့ဆိုင်းခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013