Home
မြန်မာသတင်း
မိုးညှင်းမြို့နယ်တွင် PDF နှင့် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံး
DVB
·
November 30, 2021
131266223_102012145141139_6942688244400471278_n

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်မှာ နိုဝင်ဘာ ၂၉ ရက်နေ့က  ဒေသခံပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၈ ယောက် သေဆုံးခဲ့တယ်လို့  သိရပါတယ်။

မနေ့မနက် ၅ နာရီလောက်မှာ စစ်ရိက္ခာတင်လာတဲ့ယာဉ်တန်းကို နန်းမားလက်ပန်တန်း ကျေးရွာနားမှာ မိုးညှင်းမြို့နယ် PDF က အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း ပစ်ခတ်လို့ နာရီပိုင်းကြာတဲ့ တိုက်ပွဲတခု ဖြစ်ခဲ့တယ်လို့ မိုးညှင်း PDF က ပြောပါတယ်။

မိုးညှင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ PDF တို့ ထိပ်တိုက်တွေ့ဆုံတာ ဒီရက်ပိုင်း ခပ်စိပ်စိပ်ဖြစ်လာပြီး မနေ့က တိုက်ပွဲမှာတော့ စစ်တပ်ဘက် အရာရှိတယောက် ခေါင်းထိ ဒဏ်ရာရသလို အနည်းဆုံး ၈ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ နန်းမား လမ်းတလျှောက် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းပစ်ခဲ့လို့ နန်းမားခရုချောင်းရပ်ကွက်က အိမ်တလုံး ခေါင်မိုးထိ ပျက်စီးခဲ့ပေမဲ့ လူထိခိုက် ဒဏ်ရာရတာတော့ မရှိပါဘူး။

မိုးညှင်းမြို့နယ် PDF ဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး မနေ့ ညပိုင်းကလည်း တိုက်ပွဲဖြစ်ခဲ့ပါသေးတယ်။ အဲဒီနောက် မိုးညှင်း နန်းမား အသွား လမ်းပိုင်းကို စစ်ကောင်စီဘက်က ပိတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၂၈ ရက် မနက်ပိုင်းက မိုးညှင်းမြို့နယ်မော်ဟန်ကျေးရွာ ရဲကင်းကနေ ဖြတ်သန်းသွားတဲ့ ဝက်တင်လာတဲ့ကားကို ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့တာကြောင့် ယာဉ်ပေါ်ပါ အမျိုးသားတယောက် ကျည်ထိ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဝက်တွေတင်လာတာ။ အဲ့ဝက်ကားက သူတို့ရဲကင်းနားရောက်တော့ ဘီးပေါက်တယ်။ အဲ့ဒါကို သူတို့ကို လုပ်ကြံတဲ့ကားထင်ပြီးလှမ်းပစ်တာ။ ကားပေါ်ပါလာတဲ့ မော်ဟန်သားတယောက် ကျည်ထိလို့ ဆုံးသွားတယ်။ မိုးညှင်းဆေးရုံကို သယ်သွားတယ်။ ‌ အပြစ်မရှိတဲ့ပြည်သူတွေကို ရမ်းသန်းပစ်နေတာ။ သေတဲ့လူက အိမ်ထောင်သည်ဗျ။ လူမမယ်ကလေးတွေနဲ့ လုပ်ကိုင်မစားတတ်တဲ့ ဇနီးကျန်ခဲ့တယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024