
တနသာ်ရီတိုင်း ထားဝယ်ခရိုင် ကံပေါက်ဒေသမှာ ဒီနေ့မနက်အစောပိုင်း ၀၀:၃၀ ဝန်းကျင်လောက်က ရွာသားနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ်မှာ လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူ ၂ ဦးမှာ ကံပေါက် လှည်းကုန်း အမှတ် ၁ ရပ်ကွက်က ကိုလယ်လယ်နဲ့ လှည်းကုန်းအမှတ် ၂ ရပ်ကွက်က ကိုနေလင်းအောင် တို့ဖြစ်ကြပြီး ဘာကြောင့် လာရောက်ဖမ်းဆီးသွားတယ်ဆိုတာ မသိရသေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။
ဖမ်းဆီးခံခဲ့ရတဲ့ ကံပေါက်ဒေသခံရွာသား ၂ ဦးကို မောရဝတီရေတပ်စခန်းဌာနချုပ်မှာ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ကံပေါက်တိုက်နယ်မှာ နိုဝင်ဘာ ၂၁ ရက်နေ့ကနေ ဒီနေ့အထိ ဖမ်းဆီးခံရသူပေါင်း ၁၅ ဦး ဝန်းကျင်ရှိလာပြီဖြစ်ပြီး ပြန်လည်လွတ်မြောက်လာသူတွေလည်း ရှိပါတယ်။
နိုဝင်ဘာ ၂၉ ရက်နေ့မှာတော့ ဖမ်းဆီးခံထားရတဲ့ ကံပေါက်တိုက်နယ်က ဒေသခံ ပြည်သူ ၄ ဦးကို ကံပေါက် မောရဝတီရေတပ်စခန်းဌာနချုပ်ကနေ ထားဝယ် အကျဥ်းထောင်ကို ပို့ဆောင်လိုက်ပြီး ဘာပုဒ်မတွေနဲ့တပ်ပြီး အရေးယူထားလဲတော့ မသိရသေးဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။
ဒီနေ့မနက်ပိုင်းကလည်း ထားဝယ် အကြမ်းမဖက်လူထုလှုပ်ရှားမှုသပိတ် ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုထူးမြတ်လွင် အပါအဝင် အပြစ်မဲ့ပြည်သူ ၃ ဦးကို ဘုမ္မော်ရပ်ကွက်က နေအိမ်မှာ စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ ဒီမိုကရေစီရေးလှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) က ပြောပါတယ်။