DVB Logo
Home
မြန်မာသတင်း
ကက်သလစ်ဘုရားကျောင်းများကို ပစ်ခတ်ဖျက်ဆီးမှု ထပ်မလုပ်ရန် ဂိုဏ်းအုပ်ဆရာတော်ကြီး မေတ္တာရပ်ခံ
DVB
·
November 29, 2021
ကက်သလစ်ဘုရားကျောင်းများကို ပစ်ခတ်ဖျက်ဆီးမှု ထပ်မလုပ်ရန် ဂိုဏ်းအုပ်ဆရာတော်ကြီး မေတ္တာရပ်ခံ
Donate to DVB

ကာသီဒြယ်ဘုရားရှိခိုးကျောင်းတော်ကြီးအပါအဝင် တခြားဘုရားရှိခိုးကျောင်းတွေ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေကို ပစ်ခတ် ဖျက်ဆီးတာ ထပ်မလုပ်ဖို့  ဖယ်ခုံ ဂိုဏ်းအုပ်ဆရာတော်ကြီးက စစ်ကောင်စီတပ်ကို မေတ္တာရပ်ခံလိုက်ပါတယ်။ 

ရှမ်းပြည်နယ်တောင်ပိုင်း၊  ဖယ်ခုံမြို့အခြေစိုက် စစ်ဘက်ရေးရာ ကွပ်ကဲမှုဌာနချုပ် အမှတ် (၇) ပထမတန်းစစ်ဦးစီး ဗိုလ်မှူးကြီး နေထိုက်အောင်ထံ နိုဝင်ဘာ ၁၈ ရက်နေ့စွဲနဲ့ စာပေးပို့ မေတ္တာ ရပ်ခံထားတာပါ။

နိုင်ငံရေး အခြေအနေကြောင့်  ဖယ်ခုံသာသနာရဲ့  ကာသီဒြယ်ဘုရားရှိခိုးကျောင်းတော်ကြီးကို လက်နက်ကြီးနဲ့ ပစ်ခတ်ဖျက်ဆီးတာ ၃ ကြိမ် တိုင်ရှိပြီဖြစ်ပြီး ဒါဟာ သာသနာအတွင်းရှိ ကက်သလစ် ခရစ်ယာန် ဘာသာဝင် တဦးစီရဲ့ နှလုံးသားကို ပစ်ခတ် ဖျက်ဆီးရာ ရောက်တဲ့အတွက် ကက်သလစ်ခရစ်ယာန်ဘာသာဝင်အားလုံး ဝမ်းနည်း နာကျင်ခံစားနေကြရကြောင်း  ဆရာတော်ကြီး ပီတာလတ်ရဲ့ စာမှာ ပါရှိပါတယ်။

ကာသီဒြယ် ဘုရားရှိခိုးကျောင်းကြီးကို ထပ်မံ ပစ်ခတ် ဖျက်ဆီးပါက  ဖယ်ခုံသာသနာနဲ့ စစ်ရေးကွက်ကဲမှုဌာနချုပ် အမှတ် (၇) တို့အကြား လူမှုရေးရာ နာကြည်းမှု၊ လူမှုရေးရာ ရန်ငြိုးရန်စမှုတွေ ဆက်လက်ကျန်ရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဂိုဏ်းချုပ်၊ ဂိုဏ်းအုပ် ကက်သလစ်သာနာ ၁၆ ခုရှိပြီး အဲဒီထဲက ဖယ်ခုံဂိုဏ်းအုပ် ကက်သလစ်သာသနာဟာ တခုအပါအဝင်ဖြစ်ကာ ဘာသာရေးဆိုင်ရာ အုပ်ချုပ် စီမံခန့်ခွဲတာနဲ့ ပတ်သက်ပြီး  ဗာတီကန်နိုင်ငံရှိ ပုပ်ရဟန်းမင်းကြီးရဲ့ ကိုယ်စား ကက်သလစ် ဘာသာဝင်အတွက် တာဝန်ထမ်းဆောင်တဲ့ ဆရာတော်ကြီးတွေက လုပ်ဆောင်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဖယ်ခုံကက်သလစ်သာသနာမှာ ကက်သလစ်ခရစ်ယာန်ဘာသာဝင် အယောက် ငါးသောင်းခွဲလောက် ရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ဖယ်ခုံမြို့နယ်အပါအဝင် ကရင်နီဒေသမှာ ခရစ်ယာန်ဘုရားကျောင်း ၇ ကျောင်း ပျက်စီးသွားတယ်လို့  တိုးတက်သော ကရင်နီပြည်သူ့အင်အားစုက ထုတ်ပြန်ထားတယ်။

ဖယ်ခုံဘုရားကျောင်း၊ ကယန်းသာယာဘုရားကျောင်း၊ ဒီးမော့ဆို စိန့်ဂျိုးဇက်ဘုရားကျောင်း၊ ဒေါငံခါးငြိမ်းချမ်းရေး ဘုရင်မဘုရားကျောင်း၊ ဒီးမော့ဆို နှစ်ခြင်းဘုရားကျောင်း၊ ဖရူဆိုဘုရားကျောင်း၊ ၆ မိုင် ဘုရားကျောင်းတို့ကို စစ်ကောင်စီစစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

ဖယ်ခုံဘုရားကျောင်းကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့  မေလ ၂၃ ရက်နေ့က တကြိမ်၊ နိုဝင်ဘာ ၉ ရက်နေ့က တကြိမ်  နှစ်ကြိမ် ပစ်ခတ်ခံရပြီး  ပျက်စီးခဲ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013