Home
မြန်မာသတင်း
ထိုင်းတွင် မြန်မာတိုင်းရင်းသူ ၁ ဦး မုဒိမ်းကျင့်အသတ်ခံရသည့်ကိစ္စ တရားမျှတမှုရရေး ဆန္ဒပြ
DVB
·
November 29, 2021
260203520_2280137625459366_5151752304533744352_n
260966665_2280137222126073_4402473113306721765_n
260467326_2280137718792690_6411231987052691516_n

ထိုင်းနိုင်ငံအရှေ့ပိုင်း ပရကျင်းပူရီးခရိုင်ထဲမှာ မြန်မာတိုင်းရင်းသူ ကယန်းအမျိုးသမီး ၁ ဦး မုဒိမ်းကျင့်အသတ်ခံရတာနဲ့ ပတ်သက်ပြီး နိုဝင်ဘာ ၂၈ ရက်မနက်က ရွှေ့ပြောင်း အလုပ်သမားအချို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့မှာ သွားရောက်ဆန္ဒပြခဲ့ကြပါတယ်။ 

သူမအတွက် တရားမျှတမှုရရှိရေးအတွက် ထိုင်း-မြန်မာသံရုံးတာဝန်ရှိသူအနေနဲ့ လိုက်ပါ ဆောင်ရွက်ပေးဖို့၊ ဒီလိုအဖြစ်အပျက်မျိုး နောက်နောင်ဘယ်သူ့အပေါ်မှာမှ ထပ်မဖြစ်စေလို့ ဆန္ဒပြရတာလို့ ဆန္ဒပြရာမှာ ပါဝင်သူ ရွှေ့ပြောင်းအလုပ်သမား ၁ ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“ဒီကိစ္စမှာ မြန်မာသံရုံးအနေနဲ့ လိုက်လုပ်ပေးစေချင်တယ်။ အမှုဖြစ်တာ ၂ ပတ်ရှိပြီ သံရုံးက ဘာမှမကူညီဘူးလေ၊ ကျနော်တို့ မနက် ၁၀ နာရီကနေ စပြီးဆန္ဒပြပါတယ်။ ကျနော်တို့ လူ ၄၀ ကျော်လောက်ရှိတယ်။ ကိုဗစ်-၁၉ စည်းကမ်းနဲ့အညီ ဆန္ဒပြတယ်၊ အဲဒီမှာအကြာကြီးတော့မနေဘူး၊ သံရုံးကို စာပို့တယ်။ လူကြီးတွေတော့ တစ်ယောက်မှထွက်မတွေ့ဘူး။ ကျနော်တို့ပေးတဲ့စာ ကိုတော့ ရုံးထဲကလူ လက်ခံထားပါတယ်။” 

ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့နယ်ကနေ ထိုင်းနိုင်ငံမှာအလုပ်သွားလုပ်တဲ့ အသက် ၂၁ နှစ်ရွယ် မြင့်မြင့်ခိုင်ဆိုသူ ကယန်းတိုင်းရင်းသူမိန်းကလေးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့မနက်က ကဘင်ပူရီမြို့နယ်ရှိ သူ့ရဲ့အိပ်ခန်းထဲကနေ ပျောက်ဆုံးသွားပြီး အခန်းထဲမှာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပုံ နဲ့ သွေးစတွေကို လုပ်ဖော်ကိုင်ဘက်တွေကတွေ့လို့ ရဲကိုတိုင်တန်းခဲ့ပါတယ်။  

နိုဝင်ဘာ ၁၈ ရက်နေ့မှာ သေဆုံးသူ မိန်းကလေးရဲ့ လုပ်ငန်းခွင်ထဲက အသက် ၂၄ နှစ်ရွယ်ရှိ နိုင်းဘွန်းလိုင်ဆိုသူ ထိုင်းအမျိုးသား၊ မီးပြင်သမားကို တာဝန်ရှိသူတွေက ကမ္ဘောဒီးယားနယ်စပ် ဆာကယောက်ခရိုင် ဝပ်ထနားကွန်းမြို့နယ်ရှိ သက်ကယ်တောထဲမှာ ဖမ်းဆီးရမိခဲ့ပါတယ်။ 

ဒီမတိုင်ခင် နိုဝင်ဘာ ၁၆ ရက်က နိုင်းဘွန်းလိုင်ရဲ့ အမဖြစ်သူက သူ့မောင်ဟာ မုဒိမ်းကျင့် လူသတ်မှုကျူးလွန်ကြောင်း ရဲကိုဖွင့်ပြောထားပြီး နိုင်းဘွန်းလိုင်ကိုယ်တိုင်ကလည်း ဖွင့်ဟဝန်ခံကာ မိန်းကလေးကို မီးရှို့သတ်ဖြတ်ပြီး ပစ်ထားခဲ့တဲ့နေရာကို လိုက်ပြခဲ့ပါတယ်။ 

ရဲစခန်းက နိုင်းဘွန်းလိုင်ကို ခြိမ်းခြောက်မှု၊ မုဒိမ်းမှု၊ လူသတ်မှု၊ အလောင်းဖျောက်ဖျက်မှု စတဲ့ပြစ်မှု ၄ ခုနဲ့ ကဘင်ပူရီရဲစခန်းမှာ အရေးယူထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024