DVB Logo
Home
မြန်မာသတင်း
ဒီပဲယင်းတွင် ရဟတ်ယာဉ်သုံးပစ်ခတ်မှုကြောင့် အရပ်သား ၂၀ ခန့်သေဆုံး၊ ၃၀၀၀ ကျော် ထွက်ပြေးနေရ
DVB
·
November 28, 2021
ဒီပဲယင်းတွင် ရဟတ်ယာဉ်သုံးပစ်ခတ်မှုကြောင့် အရပ်သား ၂၀ ခန့်သေဆုံး၊ ၃၀၀၀ ကျော် ထွက်ပြေးနေရ
1 / 11
Donate to DVB

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာတွေကို အခုရက်ပိုင်းမှာ စစ်ကောင်စီတပ်တွေက ရဟတ်ယာဉ်တွေ သုံးပြီး ဝေဟင်ကနေ ပစ်ခတ်နေတာကြောင့် ဒေသခံအများအပြား သေဆုံးဒဏ်ရာရှိနေကြပြီး နေရပ်စွန့်ခွာထွက်ပြေးနေကြရသူ တနေ့တခြားများပြားနေတယ်လို့ သိရပါတယ်။

ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ''မနေ့က ညနေက စစ်သုံးရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်ပြီး ညောင်လှကျေးရွာနဲ့ နများကျေးရွာတွေနားမှာ စစ်သားတွေချသွားတယ်။ ပြီးတော့ ကောင်းကင်ကနေလည်း စက်သေနတ်တွေနဲ့ ဒလစပ်ပစ်တယ်။ တနယ်လုံး အရပ်သား ၂၀ ဝန်းကျင်သေဆုံးရပြီလို့ ကနဦးသတင်းရထားတယ်။ အဆက်အသွယ်ပြတ်တောက်နေသူတွေလည်း အများကြီးရှိနေသေးတယ်" လို့ ဆိုပါတယ်။

ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းကို စစ်ကောင်စီတပ်တွေ အလုံးအရင်းနဲ့ ဝင်ရောက်နေပြီး ဒေသခံ ကာကွယ်ရေးတပ်တွေနဲ့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ကျေးရွာတွေက ဒေသခံ ၃၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး စားဝတ်နေရေးခက်ခဲနေတယ်လို့ စစ်ဘေးရှောင်တွေဆီက သိရ ပါတယ်။

မနေ့က နိုဝင်ဘာ ၂၇ ရက် ညပိုင်းမှာ အာဏာသိမ်းစစ်ကောင်စီက ရဟတ်ယာဉ်အသုံးပြုကာ ဒီပဲယင်းမြို့နယ် ညောင်လှကျေးရွာကို ဝေဟင်ကနေ ပစ်ခတ်လို့ ရွာအတွင်းက ကွမ်းယာဆိုင်နားမှာ ရွာသား ၁ ဦး ကျည်ထိမှန်သလို ဓာတ်ဆီဆိုင်အနီးတွင်လည်း ဒေသခံ ၁ ဦး ကျည်ထိမှန်ထားတယ်လို့ ဒီပဲယင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးညီနောင်များတပ်ပေါင်းစုဆီက သိရပါတယ်။

''စစ်ကောင်စီက ဒီပဲယင်းမြို့နယ်မှာရှိတဲ့ PDF  တွေကို အင်အားအများအပြားသုံးပြီး လက်နက်ကြီး ပစ်ကူပေးပြီး ရဟတ်ယာဉ်နဲ့ ဝေဟင်ကနေ ထိုးစစ်ဆင် ပစ်ခတ်နေလို့ အခုလို တောတောင်တွေထဲကို ထွက်ပြေးလာရတာဖြစ်တယ်''လို့ စစ်ဘေးရှောင်ပြည်သူတဦးက ပြောပါတယ်။

ဒီနေ့မှာလည်း စစ်ကောင်စီတပ်တွေနဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတာကြောင့် ညောင်လှ၊  သရက်တော၊ ဝဲကြီး၊  ကုန်းကြီး၊ ယဉ်ကျေးကုန်း၊ တဲသပြေသာ၊  အုန်းခါးနဲ့  မရကန်ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်တာ ကြုံတွေ့နေချိန်မှာ ပြည်သူအချင်းချင်း အဆောက်အအုံ အမိုးအကာ  အောက်ကို ဝင်ရောက်ခိုလှုံခွင့်ပြုကြဖို့၊ ကျေးရွာတွေကို စွန့်ခွာသူတွေ လယ်ကွင်းတွေထဲ အစုလိုက် နေထိုင်တာကို ရှောင်ဖို့၊ ဒေသအလိုက် ကာကွယ်ရေးအဖွဲ့တွေက စီမံဆောင်ရွက်ပေးတဲ့ နေရာတွေနဲ့ ကျေးရွာတွေမှာ နေထိုင်ဖို့၊  ဆုတ်ခွာရာလမ်းကြောင်းတွေမှာ ကာကွယ်ရေးအဖွဲ့တွေ ထောင်ထားတဲ့ မိုင်းကွင်းတွေ ရှိတဲ့အတွက် ကာကွယ်ရေးအဖွဲ့ရဲ့ ခွင့်ပြုပေးတဲ့ လမ်းကိုသာ အသုံးပြုဖို့နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ  မိုးကာအုပ်ကားတွေနဲ့ ဝင်ရောက်နေလို့ အရပ်သား ကားပိုင်ရှင်တွေအနေနဲ့ မိုးကာအုပ် မမောင်းဖို့ ဒီပဲယင်းမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့က သတိပေးချက်ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာလည်း စစ်ကောင်စီတပ်တွေ ဝင်ရောက်လာတာကြောင့် နတ်ကြီးကျေးရွာအုပ်စုက ကျေး ၈ ရွာက ဒေသခံ‌တွေ  နိုဝင်ဘာ ၂၅ ရက်ကစပြီး ဒီနေ့အထိ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

နတ်ကြီးကျေးရွာ၊ ရွာသာ၊ ဝက်ချောင်းကြီး၊ အင်ချောင်၊ ဂွေးပင်၊ ဝက်ချောင်းကလေး၊ အေးသာယာနဲ့ ရွာသစ်ကလေးရွာတွေက တိမ်းရှောင်နေကြရတာလို့  နတ်ကြီးကျေးရွာသားတစ်ဦး က ပြောပါတယ်။

“ထွက်ပြေးနေရတာ ၄ ရက်ရှိနေပြီ။ သူတို့က နတ်ကြီးကျေးရွာထဲမှာ တပ်စွဲနေတယ်။ ဒီနေ့အထိ ရွာထဲက မထွက်သေးဘူး။ ရွာက အသက် ၁၅ နှစ်အရွယ်ကလေးတစ်ယောက်ရယ်၊ တခြား နှစ်ယောက်ကို ဖမ်းထားတယ်။ သူ‌တို့ သွားချင်တဲ့ နေရာမှန်သမျှကို ဖမ်းထားတဲ့ ကလေးတွေကို ခေါ်ဆောင်သွားတယ်။ အခုလို စစ်တပ်ကဝင်ရောက်လို့  အိမ်မွေးတိရိစ္ဆာန်တွေ အကုန်ပစ်ထားရတဲ့ ဒုက္ခတော့ ရှိတယ်။ လူတွေကတော့ အနီးကျေးရွာက ကျွေးကြတာဆိုတော့ အဆင်ပြေကြ ပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013