
မြန်မာနိုင်ငံမှာ ဖိနပ်စက်ရုံ တည်ဆောက်ဖို့အတွက် ဘယ်လာရုစ်နဲ့ မြန်မာတို့ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီသဘောတူညီချက်ဟာ စစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့ ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၂၀ ရက်က စတင်တဲ့ ဘယ်လာရုစ်နိုင်ငံခရီးစဉ်အတွင်း ရရှိခဲ့တာဖြစ်ပါတယ်။
မြန်မာက Asia Point of Potential Co., Ltd. နဲ့ ဘယ်လာရုစ် ဖိနပ်ထုတ်လုပ်တဲ့ကုမ္ပဏီတွေဖြစ်တဲ့ Belvest နဲ့ Luch အပြင် မင့်စ်ခ်မြို့ သားရေထုတ်လုပ်ရေးအသင်းတို့ ပူးပေါင်းလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပြီး ဘယ်လာရုစ်က ကျွမ်းကျင်ပညာရှင်တွေအကူအညီနဲ့ မြန်မာမှာ စက်ရုံ တည်ဆောက်မှာဖြစ်ပါတယ်။
ဒီပူးပေါင်းမှုရဲ့ နောက်ကွယ်မှာ အရပ်ဘက်ကုမ္ပဏီတွေတင်မကဘဲ စစ်တပ်ကပါ နည်းပညာအကူအညီ ရယူလိုနေတာကို ဘယ်လာရုစ်ဘက်က သတင်းတွေအရ သိရပါတယ်။
တကယ်တော့ ဒီစက်ရုံတည်ဆောက်ဖို့ ၂၀၂၆ ခုနှစ် နှစ်စပိုင်းမှာကတည်းက ၂ နိုင်ငံ ကိုယ်စားလှယ်တွေ ခပ်စိပ်စိပ် တွေ့ဆုံနေခဲ့ကြတာ ဖြစ်ပါတယ်။
ဒီနှစ် ဇန်နဝါရီလနှောင်းပိုင်းမှာ ဘယ်လာရုစ်နိုင်ငံပိုင် အသေးစားစက်မှုလုပ်ငန်း (Bellegprom) ရဲ့ ဦးဆောင်မှုနဲ့ Belvest နဲ့ Luch တို့က ကိုယ်စားလှယ်တွေ မြန်မာကို လာရောက်ခဲ့ကြပါတယ်။
ခရီးစဉ်အတွင်းမှာ ဒုတိယဗိုလ်ချုပ်ကြီး ဇော်မျိုးတင်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး စစ်သုံးဖိနပ်တွေ ထောက်ပံ့ဖို့ ဆွေးနွေးခဲ့ကြပါတယ်။ ဒုဗိုလ်ချုပ်ကြီး ဇော်မျိုးတင်ဟာ လက်ရှိမှာ စစ်ထောက်ချုပ်ရာထူးတင်မက မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) ကိုပါ ပူးတွဲ တာဝန်ယူထားသူဖြစ်ပါတယ်။ ဒါ့ကြောင့် သူဟာ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေနဲ့ တပ်ရဲ့ စစ်လက်နက်အသုံးအဆောင်ပစ္စည်း ထောက်ပံ့ရေးတွေအတွက် တာဝန်ရှိတဲ့သူဖြစ်ပါတယ်။
စစ်ထောက်ချုပ်နဲ့ လာတွေ့တဲ့ Belvest ရော Luch ဟာ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေ ဖြစ်ကြပါတယ်။ Belvest ကုမ္ပဏီကို ဘယ်လာရုစ်နဲ့ ရုရှား လုပ်ငန်းရှင်တွေ ဖက်စပ်လုပ်ကိုင်နေတာဖြစ်ပြီး ကုမ္ပဏီ စုစုပေါင်းရောင်းရငွေရဲ့ ၇၅ ရာခိုင်နှုန်းခန့်ဟာ ရုရှားကို တင်ပို့ရောင်းချတာကနေ ရရှိတာဖြစ်ပါတယ်။
ဒါပေမဲ့ ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်အတွင်းမှာ ထုတ်လုပ်မှုပမာဏ ကျဆင်းလာတာ၊ လက်ကျန်ကုန်ပစ္စည်းတွေ များပြားလာတာနဲ့ ကြွေးမြီတွေ တိုးလာတာကြောင့် ကုမ္ပဏီအနေနဲ့ ဒေဝါလီခံရမဲ့အခြေအနေနဲ့ ရင်ဆိုင်လာရပါတယ်။ ဘယ်လာရုစ်ဘက်က သတင်းတွေအရ Belvest ရဲ့ ကြွေးမြီပမာဏက အမေရိကန်ဒေါ်လာ ၈၅ သန်းအထိ ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့ကြောင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှာ Vitebsk ဒေသ စီးပွားရေးတရားရုံးက Belvest ကို ကြွေးမြီမဆပ်နိုင်သူအဖြစ် ကြေညာခဲ့ပြီး ကုမ္ပဏီကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းဖို့ လပေါင်း ၃၆ လ သတ်မှတ်ပေးခဲ့ပါတယ်။
ဒါကြောင့် ကုမ္ပဏီဟာ ဘဏ္ဍာရေးတည်ငြိမ်မှု ပြန်လည်ရရှိဖို့အတွက် မြန်မာအပါအဝင် ဈေးကွက်သစ်တွေကို အသည်းအသန် ရှာဖွေနေရပါတယ်။
ဒီကုမ္ပဏီတွေက ကိုယ်စားလှယ်တွေ မြန်မာနိုင်ငံကို လာရောက်စဉ်မှာ နေပြည်တော်အခြေစိုက် Global Top Link Technologies Co., Ltd. နဲ့လည်း တွေ့ဆုံခဲ့ကြပါတယ်။

ဘယ်လာရုစ် ထုတ်လုပ်သူများ Global Top Link Technologies Co., Ltd. က ကိုယ်စားလှယ်နှင့် တွေ့ဆုံစဉ် (Bellegprom)
Justice For Myanmar ရဲ့ အချက်အလက်တွေအရ Global Top Link ကုမ္ပဏီရဲ့ CEO ဒေါက်တာစိန်ထူးဟာ ဘယ်လာရုစ် လက်နက်ကုမ္ပဏီ Kidma Tech ရဲ့ မြန်မာနိုင်ငံကိုယ်စားလှယ်လည်းဖြစ်တယ်လို့ သိရပါတယ်။
အဲဒီနောက် ဧပြီလထဲမှာ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇော်မျိုးတင်နဲ့ကိုယ်စားလှယ်အဖွဲ့ ဘယ်လာရုစ်နိုင်ငံကို သွားရောက်ခဲ့တာကို မှတ်တမ်းတွေအရ တွေ့ရပါတယ်။ ခရီးစဉ်အတွင်းမှာ Vitebsk ဒေသက ဖိနပ်စက်ရုံတွေဖြစ်တဲ့ Belvest နဲ့ Marko တို့ကို သွားရောက်လေ့လာခဲ့ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး ဇော်မျိုးတင် Vitebsk ဒေသရှိ Marko ပြခန်းအား ကြည့်ရှုစစ်ဆေးစဉ် (Marko)
မြန်မာစစ်တပ် စိတ်ဝင်စားတဲ့ လုပ်ငန်းတွေထဲ စစ်ဖိနပ်တွေသာမက စစ်ဝတ်စုံ ယူနီဖောင်းတွေကို ဘယ်လာရုစ်အကူအညီနဲ့ ချုပ်လုပ်နိုင်ရေးလည်း ပါဝင်ပါတယ်။
စစ်ထောက်ချုပ်ရဲ့ ခရီးစဉ်အပြီး မရှေးမနှောင်းမှာ သွားရောက်ခဲ့တဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင်ရဲ့ ခရီးစဉ်မှာ အထည်ချုပ်စက်ရုံတွေဖြစ်တဲ့ Lenta နဲ့ Kamvol တို့ကို သွားရောက်လေ့လာခဲ့တာကို မှတ်တမ်းတွေမှာ တွေ့ရပါတယ်။ အထူးသဖြင့် စစ်ဝတ်စုံ ယူနီဖောင်းတွေနဲ့ ကယ်ဆယ်ရေးသုံးဝတ်စုံတွေ ချုပ်လုပ်တာကို လေ့လာခဲ့တာပါ။

ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင် Kamvol ရဲ့ စစ်ဘက်ဆိုင်ရာ ထုတ်ကုန်များကို ကြည့်ရှုစစ်ဆေးစဉ် (Kamvol)
လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဘယ်လာရုစ်ခရီးစဉ်မှာလည်း စစ်ထောက်ချုပ် ဒုဗိုလ်ချုပ်ကြီး ဇော်မျိုးတင် လိုက်ပါလာပြန်ပါတယ်။ ၄ လအတွင်း ၂ ကြိမ်မြောက် အထည်ချုပ်နဲ့ ဖိနပ်ထုတ်လုပ်ရေးလုပ်ငန်းတွေကို သွားရောက်လေ့လာခဲ့တာဖြစ်ပြီး အဲဒီခရီးစဉ်မှာ Global Top Link Technologies Co., Ltd. ရဲ့ CEO ဒေါက်တာ စိန်ထူးလည်း စစ်ထောက်ချုပ်နဲ့အတူ လိုက်ပါသွားတာကို တွေ့ရပါတယ်။ အထူးသဖြင့် ပြည်တွင်းမှာ စစ်တပ်နဲ့ပူးပေါင်းပြီး စက်ရုံတည်ဆောက်ဖို့အပြင် နည်းပညာတွေကိုပါ လွှဲပြောင်းပေးဖို့ ဆွေးနွေးခဲ့တယ်လို့ Bellegprom ဘက်က ထုတ်ပြန်ပါတယ်။

စစ်ထောက်ချုပ် ဇော်မျိုးတင်၊ ဦးစိန်ထူးနှင့် Bellegprom အကြီးအကဲတို့ ဘယ်လာရုစ်ခရီးစဉ်အတွင်း အတူတွေ့ရစဉ် (Bellegprom)
မြန်မာစစ်တပ်နဲ့ အတူ ပူးပေါင်းမယ့် အထည်ချုပ်စက်ရုံတွေကို စစ်တပ်ခေါင်းဆောင်တွေအပြင် နောက်ထပ်သွားရောက်လေ့လာသူတွေကတော့ Asia Point of Potential Co., Ltd. က တာဝန်ရှိသူတွေ ဖြစ်ပါတယ်။

Asia Point of Potential ကိုယ်စားလှယ်အဖွဲ့ Mogotex စက်ရုံအား လေ့လာစဉ် (Mogotex)
Asia Point of Potential Co., Ltd. တာဝန်ရှိသူတွေ ဧပြီလအတွင်း သွားရောက်ခဲ့တဲ့ ဘယ်လာရုစ်ခရီးစဉ်အတွင်း Lenta, Kamvol နဲ့ နိုင်ငံတွင်း အကြီးဆုံး အထည်ချုပ်စက်ရုံဖြစ်တဲ့ Mogotex တို့က ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး အထည်အလိပ်ဝယ်ယူရေးအပြင် ဖက်စပ်လုပ်ကိုင်နိုင်ဖို့ပါ ဆွေးနွေးခဲ့တယ်လို့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဘဏ္ဍာရေးအကူအညီအတွက် ဘယ်လာရုစ်နိုင်ငံပိုင် Development Bank တာဝန်ရှိသူတွေနဲ့ Asia Point of Potential ရဲ့ CEO ဦးဇေဦးအောင်တို့ ဆွေးနွေးခဲ့သေးတယ်လို့ သိရပါတယ်။

Asia Point of Potential ကိုယ်စားလှယ်အဖွဲ့ ဘယ်လာရုစ်ဖွံ့ဖြိုးရေးဘဏ်က တာဝန်ရှိသူတွေနဲ့ ဆွေးနွေးစဉ် (Development Bank)
ဒီဘဏ်ဟာ ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်စစ်မှာ ပါဝင်ကူညီပေးနေတဲ့ စွဲချက်တွေကြောင့် ဥရောပသမဂ္ဂနဲ့ နိုင်ငံအချို့ရဲ့ ဒဏ်ခတ်ခြင်းကို ခံထားရပါတယ်။
ပြည်ပမှာ အခြေစိုက်နေရတဲ့ လွတ်လပ်တဲ့ ဘယ်လာရုစ်သတင်းမီဒီယာတခုဖြစ်တဲ့ Plan B သတင်းဌာနကတော့ ဘယ်လာရုစ်နိုင်ငံရဲ့ ဖိနပ်ထုတ်လုပ်သူတွေအပါအဝင် စက်မှုလုပ်ငန်းကဏ္ဍ တခုလုံးဟာ နိုင်ငံတကာပိတ်ဆို့အရေးယူမှုတွေရဲ့ ဖိအားနဲ့ ရင်ဆိုင်နေရတာကြောင့် လက်ရှိမှာ ဈေးကွက်သစ်တွေကို ရှာဖွေနေကြတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် လူ့အခွင့်အရေးချိုးဖောက်တဲ့ နိုင်ငံတွေအပါအဝင် နာမည်ပျက်ရှိတဲ့နိုင်ငံတွေမှာပါ ဈေးကွက်ရှာဖွေနေကြတာလို့ ဆိုပါတယ်။
Plan B ရဲ့ အဆိုအရ ဘယ်လာရုစ်ကိုယ်တိုင်လည်း ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်စစ်မှာ ပူးပေါင်း ပါဝင်ခဲ့တာ၊ နိုင်ငံအတွင်း ဖိနှိပ်ချုပ်ချယ်မှုတွေအပြင် နိုင်ငံကနေ ဒုက္ခသည်တွေအဖြစ် ပြည်ပကို ထွက်ခွာသွားစေတာတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ နိုင်ငံတနိုင်ငံအဖြစ် သတ်မှတ်ခံထားရပါတယ်။
ဒါ့ကြောင့် ဘယ်လာရုစ်နိုင်ငံထုတ်ကုန်တွေအနေနဲ့ သယ်ယူပို့ဆောင်ရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေး ပိုမိုလွယ်ကူတဲ့ တရုတ်ကုန်စည်တွေကို ယှဉ်ပြိုင်နိုင်မယ်ဆိုရင်တော့ မြန်မာဟာ ဘယ်လာရုစ်အတွက် အလွန် အလားအလာရှိတဲ့ စီးပွားဖက်နိုင်ငံတနိုင်ငံ ဖြစ်လာနိုင်တယ်လို့ Plan B က ဆိုပါတယ်။
CDM ဗိုလ်မှူးနောင်ရိုးကတော့ စစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင် တပ်ချုပ်ဖြစ်စဉ်ကတည်းက Standard Army ဖြစ်အောင်ဆိုပြီး စစ်ဝတ်စုံပုံစံကအစ ပြောင်းလဲတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ဒါပေမဲ့ အဂတိလိုက်စားမှုတွေ ရှိပြီး ဟန်ပြသာသာပဲ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိတပ်တွင်းက စစ်သားတယောက်ကို ဖိနပ်ကအစ ဦးထုပ်အဆုံး စစ်တပ်က ထုတ်ပေးတာ ရာခိုင်နှုန်းအနည်းအကျဉ်းသာရှိပြီး အများစုဟာ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဝယ်ပြီး ဝတ်ဆင်နေရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်တပ်က ထုတ်တဲ့ စစ်ဖိနပ်တွေဟာ တရုတ်နိုင်ငံထုတ် လည်တိုဖိနပ်တွေကို ဈေးနှုန်းရော အရည်အသွေးပါ မမီတာကြောင့် စစ်တပ်တခုလုံးတောင် တရုတ်ထုတ် လည်တိုဖိနပ်တွေကို အားထားနေရတယ်လို့ဆိုပါတယ်။
တဖက်မှာ တရုတ်ထုတ် ဖိနပ်တွေအပေါ် အားထားနေရတဲ့ လိုအပ်ချက်ဟာ ဘယ်လာရုစ်အတွက် အခွင့်အလမ်းတခုလည်း ဖြစ်ပါတယ်။ ဒါဟာ ပိတ်ဆို့အရေးယူမှုတွေနဲ့ ကြွေးမြီတွေကြောင့် ယိုင်လဲနေတဲ့ ဘယ်လာရုစ် စက်မှုလုပ်ငန်းအတွက် ရှားရှားပါးပါး အခွင့်အရေးတခုလည်း ဖြစ်ပါတယ်။
စစ်ဘက်သုံး ဖိနပ်ထုတ်လုပ်ရေး အစီအစဉ်တွေအပါအဝင် မြန်မာနဲ့ ဘယ်လာရုစ် ပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ DVB က Bellegprom ထံ အီးမေးလ်မှတဆင့် ဆက်သွယ်ခဲ့ပေမဲ့ သတင်း ရေးသားချိန်အထိ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။
အာလမ္ဗရ











