DVB Logo
Home
မြန်မာသတင်း
အင်းဝမြို့ဟောင်းက မြင်းလှည်းမောင်းသမားများ ခရီးသည်မရှိသဖြင့် ကျပန်းအလုပ် ပြောင်းလဲလုပ်ကိုင်လာရ
DVB
·
November 27, 2021
အင်းဝမြို့ဟောင်းက မြင်းလှည်းမောင်းသမားများ ခရီးသည်မရှိသဖြင့် ကျပန်းအလုပ် ပြောင်းလဲလုပ်ကိုင်လာရ
1 / 3
Donate to DVB

မန္တလေးတိုင်း၊ အင်းဝမြို့ဟောင်းမှာ ခရီးသွားဧည့်သည်လာသူ မရှိလောက်နည်းပါးလာတာကြောင့် မြင်းလှည်းမောင်းလုပ်ငန်းလုပ်သူတွေဟာ ဝင်ငွေမရှိ စီးပွားရေးကျပ်တည်းလာတာကြောင့်  ကြုံရာကျပန်းအလုပ်တွေကို ပြောင်းလဲလုပ်ကိုင်လာရတယ်လို့ မြင်းလှည်းယာဉ်အသင်းက သိရပါတယ်။

ဧည့်သည် အဝင်ရပ်သွားတာဟာ ၂၀၂၀ မတ်လကတည်းက ဖြစ်ပြီး မြင်းစာကျွေးနိုင်ဖို့တောင် အခက်အခဲဖြစ်လာတယ်လို့ မြင်းလှည်းယာဉ်မောင်းသူတွေကဆိုပါတယ်။

လက်ရှိမှာ နိုင်ငံခြားသား ဧည့်သည် လုံး၀ဝင်ရောက်မှုမရှိတော့ဘဲ ပြည်တွင်းခရီးသွားတချို့သာ အနည်းငယ် ဝင်ရောက်လာကာ ကားနဲ့ လာရောက်ကြသူတွေများပြားတယ်လို့သိရပါတယ်။

ကိုဗစ် တတိယလှိုင်းမဝင်ရောက်ခင်က ပြည်တွင်းဧည့်တချို့က  မြင်းလှည်းငှားစီးတာ  အနည်းငယ်ရှိခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ လုံး၀ မရှိသလောက်ဘဲလို့ အင်းဝမြို့ဟောင်း ဒေသခံတွေကပြောပါတယ်။

အင်း၀ မြင်းလှည်းမောင်းသူတစ်ဦးက “ကိုဗစ်တတိယလှိုင်းခေါ်မှာပေါ့နော် အဲ့ဒီမတိုင်ခင်တုန်းကတော့ အဖိတ်၊ ဥပုသ်၊ စနေ၊ တနင်္ဂနွေ ပိတ်ရက်ကလေးတွေပေါ့။ အဲ့လိုရက်လေးတွေမှာတော့ သူဟာနဲ့သူ ပြည်တွင်းဧည့်သည်ကလေးတွေလာတယ်။ မြင်းလှည်းလည်း ထိုက်သင့်သလောက်သုံးတယ်ပေါ့ဗျာ။ အခုကျတော့ တတိယလှိုင်းဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ ဧည့်သည်အနေအထားကလည်း ပါးသွားတယ်။ ပါးသွားတဲ့အကြောင်းအရင်း ကလည်း သူတို့လည်ပတ်မှုအင်အားကလည်း ငွေအင်အားနည်းတယ်လို့ ထင်တယ်ပေါ့ဗျာ။ တစ်ပတ်ကို နှစ်စီးသုံစီးပဲ အလွန်ဆုံးထွက်ရတယ်။ မထွက်ရတဲ့ရက်ကများပါတယ်။”လို့ ပြောပါတယ်။

မြင်းလှည်းမောင်းသူတွေအနေနဲ့ စားဝတ်နေရေးကျပ်တည်းလာတာကြောင့် ကြုံရာကျပန်းလုပ်ငန်းတွေကို ပြောင်းလဲလုပ်ကိုင်လာကြရတယ်လို့ဆိုပါတယ်။

ပန်းရံလုပ်ငန်း၊ လမ်းလုပ်ငန်း၊ လက်သမားလုပ်ငန်းစတဲ့ ကြုံရာ ရရာအလုပ်တွေကို လုပ်ကိုင်လာရပြီး မြင်းလှည်းယာဉ်ဂိတ်ကိုတော့ ပိတ်ထားရတယ်လို့ မြင်းလှည်းယာဉ်မောင်းသူတစ်ဦးကပြောပါတယ်။

“စားဝတ်နေရေးကတော့ ၂၀၂၀၊  ၃ လပိုင်းကတည်းက ကျပ်တည်းခဲ့တာပေါ့ အဲ့ကတည်းက နေပြီးတော့ ဒီမှာကြုံရာကျပန်းလေးတွေလုပ်စားတယ်။ မြင်းလှည်း ကတော့လုံးဝကို လုပ်စားပိုင်ခွင့်မရှိတော့ဘူးပေါ့။ လုပ်စားပိုင်ခွင့်မရှိတော့ကျတော့ ပန်းရံလိုက်လုပ်ပြီးတော့ လုပ်ကိုင်စားပါတယ်။”

တော်တော်ကို လုံးလုံးကို ပါးသွားတာပေါ့ တစ်ယောက်မှကိုမလာဘူး ဂိတ် ပိတ်သွားသလိုကို ဖြစ်သွားတာလို့ အင်းဝမြင်းလှည်းမောင်းသူနောက်တစ်ဦးက ထပ်မံပြောပါတယ်။ 

ပုံမှန်နှစ်စဉ်နှစ်တိုင်းမှာ ရေလမ်းကြောာင်းက ဝင်ရောက်လေ့ရှိတဲ့ ကမ်းတို့ဆိပ်ကမ်းကိုလည်း ပိတ်ထားရတာကြောင့် မြင်းလှည်း ငှားစီးသူ မရှိသလောက်နည်းပါးနေတာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေး ကျဆင်းနေရာက စစ်အာဏာသိမ်းမှု ကြောင့် အခြေအနေပိုဆိုးရွားလာပြီး တိုင်းပြည်စီးပွားရေး ပျက်ကပ်ဆိုက်နေကာ ပြည်သူလူထုတွေဟာ စီးပွားရေးပိုမိုကျပ်တည်း၊ အလုပ်အကိုင်ရှားပါး၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်  ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013