DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ကာလ အင်းဝမြို့ဟောင်းက မြင်းလှည်းများ ဧည့်သည်မရှိ၍ အခက်အခဲဖြစ်နေ
DVB
·
September 6, 2020
ကိုဗစ်ကာလ အင်းဝမြို့ဟောင်းက မြင်းလှည်းများ ဧည့်သည်မရှိ၍ အခက်အခဲဖြစ်နေ
Donate to DVB

ကိုဗစ်ကာလမှာ အင်းဝမြို့ဟောင်းကို လာရောက်တဲ့ ပြည်ပဧည့်သည်တွေ မရှိတာကြောင့် မြင်းလှည်းမောင်းသူတွေ အခက်အခဲဖြစ်နေတယ်လို့ အင်းဝ၊ တံတားဦးမြို့နယ်မြင်းယာဉ်အသင်းက သိရပါတယ်။

ကိုဗစ်ကြောင့် မတ်လလောက်ကတည်းက ဧည့်သည်ဝင်ရောက်မှု မရှိတော့တာဖြစ်ပြီး လက်ရှိအချိန်မှာ ပြည်တွင်းဧည့်သည် အနည်းငယ်သာ လာရောက်နေကြတာဖြစ်တယ်လို့သိရပါတယ်။

  အင်းဝ မြို့ဟောင်းမှာ မြင်းလှည်းပေါင်း ၂၀၀ နီးပါးရှိပြီး ၀င်ငွေမရှိကြတဲ့အတွက် မြင်းတွေ အစာကျွေးဖို့ မတတ်နိုင်ကြတော့ဘူးလို့ အင်းဝ၊ တံတားဦးမြို့နယ်မြင်းယာဉ်အသင်း ဥက္ကဋ္ဌ ဦးထွန်းရွှေက ပြောပါတယ်။

“ကိုဗစ်ကာလအချိန်မှာ ဧည့်သည်ကလုံးဝကို ပြတ်သွားတာ၊ မတ်လ ၂၉ ရက်နေ့ကတည်းကိုက မြင်းလှည်းတွေက လုံးဝရပ်သွားတယ်၊ အခုယနေ့အချိန်အထိပေါ့။ ပြည်တွင်းဧည့်သည်လေးတွေတော့ အနည်းအကျဉ်းလာကြတယ်။ ပြင်တွင်းဧည့်သည် ဘုရားဖူး ခရီးသည်လေးတွေ  လာတယ်။ အဲဒါလည်း တနေ့မှ မြင်းလှည်းလေး  ၄၊ ၅၊ ၁၀ စီးပေါ့၊ နေ့စဉ်လည်း မထွက်ရဘူး။ စနေ၊ တနင်္ဂနွေ၊ ဥပုသ်ပေါ့ အဲရက်ကလေးတွေ ထွက်ကြရတယ်။ အဲတော့ မြင်းလှည်းတွေက တော်တော်ကို အခက်အခဲဖြစ်သွားတယ်။ ခရီးသည် မလာတော့ မြင်းစာကျွေးမှုလည်း မလွယ်ဘူး။  မြင်းစာရဖို့ကို တစ်ရက် ၁၀၀၀ ရဖို့ ငွေကို မရှိတော့ဘူး။ မြင်းလှည်း ၁၉၅ စီးက လုံးဝရပ်ထားရတဲ့ အဆင့်လောက်ကို ဖြစ်သွားတာ။”

မြင်းတစ်ကောင်ကို တစ်နေ့ ငွေကျပ် ၁၀၀၀ ဖိုးလောက်အထိ အစာကျွေးနေရတာလို့ ဆိုပါတယ်။

ကိုဗစ်မတိုင်ခင် နှစ်တွေက ဧပြီလကုန်လောက်အထိ မြင်းလှည်းအစီး ၁၀၀ နီးပါးလောက် နေ့စဉ်ငှားရမ်းသူတွေရှိပြီး  မေလလောက်ကစကာ ဧည့်သည်ပါးသွားတတ်တယ်လို့ သိရပါတယ်။

အောက်တိုဘာလလောက်မှာ နိုင်ငံခြားဧည့်သည်တွေ ပြန်လည်ဝင်ရောက်လာဖို့ မြင်းလှည်းလုပ်ငန်းရှင်တွေ မျှော်လင့်နေကြတယ်လို့ ဦးထွန်းရွှေက ပြောပါတယ်။

“ဒီလတွေဆို ခါတိုင်းနှစ်တွေက သြဂုတ်လဆိုရင် စပိန်အဖွဲ့လာတယ်၊ မိုးရာသီ တိုး  တွေ လာတယ်။ အဲဒီမှာ လာလို့ရှိရင် ဧည့်သည် ၁၀၀ ကျော်ထိအောင်လာတယ်လေ။ ဧည့်သည် ၁၀၀ ကျော် ၁၄၀၊ ၁၅၀ အဲလိုထိအောင် လာတယ်။ အဲတော့ မြင်းလှည်းအစီးရေ ၁၀၀ နီးပါးပတ်ဝန်းကျင်လောက် ပြန်ထွက်ရပြီလေ။  အဲကျတော့ သြဂုတ်လပြီးသွားရင် စက်တင်ဘာ အောက်တိုဘာ၊ အောက်တိုဘာလောက်တော့ခရီးသွားလုပ်ငန်းပြန်စလိမ့်မယ်လို့ ဦးရဲ့စိတ်ကူးပေါ့နော် အဲလိုလေးတော့မှန်းထားတယ် အတိအလင်းတော့မသိရသေးဘူး။”

အင်းဝမြို့ဟောင်းမှာ အထင်ကရနေရာတွေဖြစ်တဲ့ အိုးထုတ်တန်း ဆိပ်ကမ်းကနေ ဘားဂရာကျွန်းကျောင်း၊ ၀င်္ကပါ၊ ကြောင်လိမ်မြင်းမိုရ်တောင်၊ ရတနာဆီမီး၊ နန်းမြင့်မျှော်စင်၊ မယ်နုအုတ်ကျောင်း၊ မဟာအောင်မြေဘုံစံကျောင်း စတဲ့နေရာတွေဟာ ဧည့်သည်တွေစိတ်ဝင်စားတဲ့ နေရာတွေဖြစ်ပါတယ်။ 

မြင်းလှည်းတစီးကို နိုင်ငံခြားသား ၂ ဦးသာ စီးနင်းခွင့်ပြုထားပြီး ငှါးရမ်းခ ငွေကျပ် ၁ သောင်းခွဲဖြစ်တယ်လို့ သိရပါတယ်။

မြင်းလှည်းတွေဟာ  အလှည့်ကျစနစ်နဲ့ ထွက်ကြတာဖြစ်ပြီး အင်းဝ၊ အိုးထုတ်တန်း ဆိပ်ကမ်း နဲ့ မီးသွေးတိုက် ကျေးရွာတွေမှာ မြင်းလှည်းဂိတ် ၂ ဂိတ်ထားရှိထားတယ်လို့ သိရပါတယ်။

အိုးထုတ်တန်းဂိတ်မှာတော့ မြင်းလှည်းပေါင်း ၁၆၅ စီးရှိပြီး မီးသွေးတိုက် ဂိတ်မှာတော့ အစီး ၃၀ လောက် ရှိတယ်လို့ သိရပါတယ်။ 

ခင်ပြည့်စုံဝင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013