
စစ်ကိုင်းတိုင်း မုံရွာမြို့ရှောင်လမ်းပေါ်က တောင်ပလူကျေးရွာနားမှာ နိုဝင်ဘာ ၂၅ ရက် နေ့လယ်ပိုင်းက မုံရွာကို ဈေးလာဝယ်သူ နှစ်ဦးအား ဓားနဲ့ခုတ်ပြီး ပိုက်ဆံအိတ် လုယက် သွားတယ်လို့ သိရပါတယ်။
တောင်ပုလုကျေးရွာမှာနေတဲ့ အမျိုးသားနဲ့အမျိုးသမီးဟာ နေ့လယ် ၁ နာရီလောက်က ဆိုင်ကယ်နဲ့ မုံရွာမြို့ပေါ်ဈေးဝယ်ဖို့လာစဉ် အနောက်ကနေ ဆိုင်ကယ်နဲ့ အမျိုးသား နှစ်ဦးလိုက်လာပြီး ပိုက်ဆံအိပ်လုယက်သွားကာ ဓားနဲ့ခုတ်သွားတယ်လို့ အခင်းဖြစ်ပွားရာ နေရာက ဒေသခံတွေဆီက သိရပါတယ်။
"အမျိုးသားနှစ်ဦး သူတို့နောက်က ဆိုင်ကယ်နဲ့ လိုက်လာပြီး ပိုက်ဆံအိတ်ကို လုတယ်။ နောက်ပြီး ဓား နဲ့ ခုတ်သွားတာ။ အမျိုးသားက ပါးစပ်မှာ၊ အမျိုးသမီးကတော့ ပုခုံးမှာ အခုတ်ခံရတယ်" လို့ ကူညီဆောင်ရွက်ပေးခဲ့သူ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ဓားနဲ့ခုတ်ခံရသူ နှစ်ဦးကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မုံရွာ)က မုံရွာဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပြီး အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူးလို့ သိရပါတယ်။
ဓာတ်ပုံ-မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မုံရွာ