
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာက အောင်မြေရတနာ ရွာဦးဘုန်းကြီးကျောင်းကို နိုဝင်ဘာ ၂၅ ရက် ညနေ ၃ နာရီလောက် စစ်တပ်က စီးနင်းမွှေနှောက်ဖျက်ဆီးပြီး နားနေဆောင် ၂ ဆောင်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“နေ့လယ် ၁ နာရီလောက်ကစပြီး စစ်တပ်က ဘုန်းကြီးကျောင်းကိုတန်းဝင်တာပဲ။ ၃ နာရီခန့်လောက်ကြ မီးစရှို့တာပဲ၊ နှစ်ခန်း သုံးခန်း နားနေဆောင် နှစ်ဆောင် မီးလောင်သွားတယ်။ ကျန်တဲ့အဆောက်အဦအတွင်းက ပရိဘောဂတွေနဲ့ တံခါးမှန်တွေကိုလည်း ရိုက်ခွဲဖျက်ဆီးကြတယ်။ ရွာထဲတော့မဝင်သေးဘူး” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
စစ်တပ်ဟာ ရေဦး၊ ခင်ဦးနဲ့ တန့်ဆည်မြို့နယ်တို့ကို စစ်ကြောင်းထိုးပြီး အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးရိုက်နှက်သတ်ဖြတ်နေသလို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ခင်ဦးမြို့နယ်၊ ရွာသစ်ကုန်းရွာကို အောက်တိုဘာ ၂၂ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ စစ်တပ်က ဝင်ရောက်စီးနင်းပြီး နေအိမ်အလုံး ၃၀ လောက်အထိ မီးရှို့ဖျက်ဆီးခဲ့ပြီး အပြစ်မဲ့ပြည်သူနှစ်ဦးလည်း သတ်ဖြတ်ခံရတယ်လို့သိရပါတယ်။
စစ်ကိုင်းတိုင်း ကနီမြို့နယ်၊ ဘုမ္မဇင်းအရှေ့ရွာအနီးမှာ နိုဝင်ဘာ ၂၄ ရက် ညနေပိုင်းက စစ်ကောင်စီတပ်နဲ့ ပြည်သူကာကွယ်ရေးတပ်တို့ ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
KLG PDF၊ ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်နဲ့ တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်ဘက် ၂ ဦးကျဆုံးပြီး ထိခိုက်ဒဏ်ရာရမှု အများအပြားရှိနိုင်ကြောင်း၊ အပြည့်အစုံသိရဖို့ စုံစမ်းနေတယ်လို့ ကနီမြို့နယ် KLG PDF အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။
ကနီမြို့နယ်အတွင်း နိုဝင်ဘာ ၂၃ ရက်နေ့ကလည်း စစ်ကောင်စီးအမြန်ရေယာဉ်ကို ဒေသတွင်းပြည်သူကာကွယ်ရေးတပ်တွေက ပစ်ခတ်တိုက်ခိုက်ကြတာကြောင့် စစ်ကောင်စီ ရေယာဥ်က ၄၀ ကျော် ဒဏ်ရာရခဲ့ပြီး မင်းကင်းမြို့နယ် တောင်ဖြူရွာကတစ်ဆင့် မုံရွာကို ရဟက်ယာဥ် ၂ စီးနဲ့ သယ်ဆောင်သွားတယ်လို့ မျက်မြင်ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။