DVB Logo
Home
မြန်မာသတင်း
စစ်ခေါင်းဆောင်ထံ သစ္စာခံခဲ့သည့် သတင်းမီဒီယာကောင်စီကို မြန်မာသတင်းစာဆရာများ အသိအမှတ်မပြု
DVB
·
November 25, 2021
စစ်ခေါင်းဆောင်ထံ သစ္စာခံခဲ့သည့် သတင်းမီဒီယာကောင်စီကို မြန်မာသတင်းစာဆရာများ အသိအမှတ်မပြု
Donate to DVB

အာဏာသိမ်း စစ်ခေါင်းဆောင်ထံမှာ ကတိသစ္စာခံခဲ့ကြတဲ့ စစ်ကောင်စီဩဇာခံ မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီကို လုံးဝအသိအမှတ်မပြုဘူးလို့ မြန်မာသတင်းစာဆရာတွေနဲ့ သတင်းမီဒီယာသမားတွေက ပြောပါတယ်။ 

စစ်ကောင်စီက စိတ်ကြိုက်ရွေးချယ်ခန့်အပ်ထားတဲ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ  ဥက္ကဋ္ဌဆိုသူနဲ့ အဖွဲ့ဝင်တွေဟာ နိုဝင်ဘာ ၂၄ ရက်မနက်က နေပြည်တော်မှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရှေ့မှောက် ကတိသစ္စာဆိုခဲ့ကြတာပါ။

ဒါနဲ့ပတ်သက်ပြီး တိုင်းရင်းသားသတင်းဌာနတခုရဲ့အယ်ဒီတာချုပ်က “အသိအမှတ်မပြုပါဘူး။ လွတ်လပ်တဲ့ သတင်းသမားတွေအတွက် ရပ်တည်ပေးနိုင်တဲ့အဖွဲ့လည်း ဖြစ်လာမှာ မဟုတ်လို့။ စစ်တပ်က ခိုင်းတဲ့အလုပ်ကိုပဲ သူတို့ လုပ်ကြရမှာ” လို့ ပြောပါတယ်။

ပြည်တွင်း သတင်းထောက်တယောက်က “တခွန်းတည်း ဆိုရရင် နစကရဲ့ ပြန်ကြားရေးအဖွဲ့သစ်တခုပါ။ စရွေးကတည်းက ခေါင်းခေါက် ရွေးလာတဲ့ သူတွေနဲ့ချည်း ဖွဲ့ထားတဲ့အဖွဲ့လေ။ ဒါကြောင့် မြန်မာ့သတင်းမီဒီယာကောင်စီအဖွဲ့မဟုတ်ပါဘူး။ နစက မအလ ကောင်စီအဖွဲ့သက်သက်ပါ” လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက DVB အပါအဝင် လွတ်လပ်တဲ့သတင်းဌာန တော်တော်များများကို လိုင်စင်ပိတ်သိမ်းခဲ့ပြီး သတင်းထောက် အများအပြားကိုလည်း ဖမ်းဆီး၊ ထောင်ချခဲ့ပါတယ်။ သတင်းမီဒီယာတော်တော်များများကတော့ စစ်ကောင်စီကို အစိုးရအဖြစ် အသိအမှတ်မပြုကြပါဘူး။

“သူတို့က အာဏာကို လုထားတာ။ ဒါကြောင့် ဘာအစိုးရမှမဟုတ်ဘူး။ စစ်အစိုးရလည်းမဟုတ်ဘူး။ သူတို့လုပ်နေတာတွေကို မှတ်တမ်းဖြစ်ဖို့ ရေးနေတာလောက်ပဲရှိတယ်။ သူတို့ကိုတောင် အသိအမှတ် မပြုတဲ့နောက်တော့ သူတို့ဖွဲ့စည်းတဲ့ အဖွဲ့အစည်းတွေကိုလည်း အသိအမှတ်မပြုပါဘူး။ သူတို့ကတော့ ကဏ္ဍတိုင်းမှာ သူတို့လက်အောက်ခံတွေမွေးပြီး အာဏာကို တည်ဆောက်နေမှာပဲ” လို့ သတင်းထောက်တယောက်က ပြောပါတယ်။

မနေ့က ကတိသစ္စာခံပွဲမှာတော့  စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က  သတင်းမီဒီယာတွေဟာ မျက်မှောက်ကာလမှာ တွေ့ရှိနေရတာကတော့  ပဋိပက္ခတွေ၊ သဘောထား ကွဲပြားမှုတွေကို ပြေလျော့သွားအောင် လုပ်ရမယ့်အစား မီးလောင်ရာလေပင့်သကဲ့သို့ ပိုမိုအားကောင်းလာအောင် လုပ်ပေး နေကြတယ်လို့ စွပ်စွဲပြောသွားပါတယ်။

စစ်မှန်မှုမရှိဘဲ ဘက်လိုက်ရေးသားတဲ့ သတင်းမီဒီယာ သမားတွေ၊ ကျင့်ဝတ်သိက္ခာမဲ့တဲ့ သတင်းမီဒီယာသမားတွေ၊ နိုင်ငံနဲ့ လူမျိုး အကျိုးစီးပွားကို မကြည့်ဘဲ တိုင်းတပါးကြိုးဆွဲရာ ရေးသားဖော်ပြနေတဲ့ မီဒီယာသမားတွေကို  မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေနဲ့ လိုအပ်သလို ထိန်းကျောင်း ပြုပြင် ဆောင်ရွက်ပေးဖို့လည်း စစ်ခေါင်းဆောင်က ပြောသွားပါတယ်။ 

မြန်မာ သတင်းစာဆရာတွေကတော့ စစ်ကောင်စီဟာ ဥပဒေနဲ့ ညီတဲ့အဖွဲ့အစည်းမဟုတ်သလို စစ်ကောင်စီလက်အောက်ခံသတင်းမီဒီယာကောင်စီကိုလည်း တရားဝင်အဖွဲ့အစည်းအဖြစ် အသိအမှတ်မပြုနိုင်ဘူးလို့ ပြန်လည် တုံ့ပြန် ပြောဆိုလိုက်ပါတယ်။

စစ်ကောင်စီလက်အောက်ခံ သတင်းမီဒီယာကောင်စီမှာ ပါဝင်နေသူတွေဟာလည်း သူတို့ရဲ့ဂုဏ်သိက္ခာကို သူတို့ဘာသာဖော်ပြနေကြသူတွေသာဖြစ်တယ်လို့ အန်အယ်လ်ဒီ အစိုးရလက်ထက် သတင်းမီဒီယာကောင်စီအဖွဲ့ဝင်ဟောင်းတွေက ပြောဆိုလိုက်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ထံမှာ သစ္စာခံခဲ့တဲ့ သတင်းမီဒီယာကောင်စီဟာ အရင်တုန်းကလို လွတ်လပ်တဲ့အဖွဲ့အစည်းမဟုတ်တော့သလို မီဒီယာဥပဒေပါ တာဝန်၊ ဝတ္တရားနဲ့ ကျင့်ဝတ်တွေကို လိုက်နာဆောင်ရွက်နိုင်မယ့်အဖွဲ့အစည်းမဟုတ်တော့ဘူးလို့ သတင်းစာဆရာတစ်ယောက်က သုံးသပ်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ သတင်းစာလွတ်လပ်ခွင့်ဟာ အဆိုးရွားဆုံး အခြေအနေကိုရောက်ရှိခဲ့ပြီး လက်ရှိအချိန် အကျဉ်းထောင်တွေမှာ သတင်းသမား ၃၀ ကျော်ဖမ်းဆီး ထိန်းသိမ်းခံထားရပါတယ်။

စစ်အာဏာရှင်ဆန့်ကျင် သပိတ်တိုက်ပွဲတွေမှာ သတင်းယူခဲ့တဲ့ သတင်းသမားတချို့လည်း အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခံခဲ့ရပြီး ထောင်ချခံခဲ့ရပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီက သတင်းဌာန ၈ ခုကို တရားဝင်ပိတ်သိမ်းခဲ့ပြီး လက်ရှိအချိန်မှာ သတင်းသမားတွေဟာ အန္တရာယ်အမျိုးမျိုးကြားကနေ  လျှို့ဝှက်ပြီး သတင်းရေးသားတင်ဆက်နေရတာ ဖြစ်ပါတယ်။

စစ်ကောင်စီလက်အောက်ခံ ရုပ်မြင်သံကြားလိုင်းတွေ၊ နေ့စဉ်သတင်းစာတွေနဲ့ မီဒီယာတွေ ကတော့ သတင်းအမှားတွေ၊ လက်တွေ့မြေပြင်အခြေအနေနဲ့ဆန့်ကျင်ဘက်အခြေအနေတွေ၊ တဖက်သတ် ဘတ်လိုက်ဖော်ပြထားတဲ့ ဝါဒဖြန့်သတင်းတွေကိုသာ သတင်းမီဒီယာကျင့်ဝတ်ကို ချိုးဖောက်ပြီး ရေးသား ထုတ်လွှင့် ဖော်ပြနေတာဖြစ်ပါတယ်။ 

စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှာ ယခင် အန်အယ်လ်ဒီအစိုးရလက်ထက် နိုင်ငံတော် သမ္မတက ဖွဲ့စည်းပေးခဲ့တဲ့ သတင်းမီဒီယာကောင်စီဝင် အများစု နုတ်ထွက်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ အခုလက်ရှိ စစ်တပ်ဩဇာခံတဲ့ သတင်းမီဒီယာကောင်စီကို စစ်ကောင်စီက ဧပြီလထဲမှာ အစားထိုး ဖွဲ့စည်းပေးခဲ့တာပါ။  

Photo- MOI

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013