DVB Logo
Home
မြန်မာသတင်း
သတင်းမှန် သိချင်ပါက ဆက်သွယ်ရန် စစ်ကောင်စီဩဇာခံ သတင်းမီဒီယာကောင်စီပြော
DVB
·
May 10, 2022
သတင်းမှန် သိချင်ပါက ဆက်သွယ်ရန် စစ်ကောင်စီဩဇာခံ သတင်းမီဒီယာကောင်စီပြော
Donate to DVB

မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ သတင်းမှန်တွေသိချင်ရင် သူတို့ကိုပဲ ဆက်သွယ်ဖို့ စစ်ကောင်စီက ဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌက  ကမ္ဘာ့သတင်းမီဒီယာကောင်စီ အ​ထွေထွေညီလာခံမှာ ပြောပါတယ်။

ကင်ညာနိုင်ငံမှာ မေ ၃ ရက်ကစလို့ ၆ ရက်ကြာ ကျင်းပခဲ့တဲ့ ညီလာခံမှာ စစ်ကောင်ဩဇာခံ  မီဒီယာကောင်စီ ဥက္ကဋ္ဌဖြစ်သူ မြင်းမူမောင်နိုင်မိုးက ပြောခဲ့တာလို့  စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အခြေအနေတွေရဲ့ အရင်းခံအကြောင်းတွေ၊ လက်ရှိအစိုးရရဲ့ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးအတွက်  ဖွဲ့စည်းပုံအခြေခံဥပဒေတွေနဲ့အညီ ဆောင်ရွက်နေတာတွေ၊ ပြည်တွင်းပြည်ပ သတင်းမီဒီယာတချို့ရဲ့ သတင်းတု သတင်းမှားတွေကြောင့် ဖြစ်ခဲ့တာတွေကို  မြန်မာနိုင်ငံက တင်သွင်းတဲ့အစီရင်ခံစာမှာ  ထည့်သွင်းပြောခဲ့တယ်လို့  ဆိုပါတယ်။

စစ်ကောင်စီခန့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌက အဆိုပါအစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သတင်းမှန်တွေ သိချင်ရင် သူတို့ကိုပဲ ဆက်သွယ်ဖို့ ပြောဆိုတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့ (ဘီအန်အိုင်) ရဲ့ မူဝါဒရေးရာကော်မတီ ဥက္ကဋ္ဌ  နန်းဖော့ဂေက လက်မခံပယ်ချလိုက်ပါတယ်။

“မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးကတည်းက တနှစ်နဲ့ လေးလအတောအတွင်းမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခြေအနေတွေ၊ စစ်ရေးအခြေအနေတွေ၊ ပြည်သူလူထု အသက်အိုးအိမ်လုံခြုံမှုတွေကို တကယ်ဖော်ထုတ်အသိပေးနေတာက စစ်ကောင်စီ လက်အောက်က မဟုတ်တဲ့ သတင်းဌာနတွေနဲ့ သတင်းသမားတွေပါ။ မြန်မာသတင်းမီဒီယာကောင်စီထံမှာ သတင်းအမှန်ဆိုတာ ရှိမှာလည်း မဟုတ်သလို ပြောလည်း မပြောနိုင်ပါဘူး။ ဘာလို့လဲဆိုရင် မျက်မှောက်ကာလ မြန်မာနိုင်ငံထဲမှာ သတင်းစာရှင်းလင်းပွဲ ဦးဆောင်လုပ်နေတာက စစ်ကောင်စီရဲ့ ပြန်ကြားရေးဌာနက စစ်ခေါင်းဆောင်တွေကပဲ လုပ်ဆောင်နေတာမို့လို့ ကောင်စီမှာ မြေပြင်နယ်မြေတွေမှာ ဖြစ်ပျက်နေသော မှန်ကန်တဲ့၊ ခိုင်လုံတဲ့ သတင်းတွေ၊ ရုပ်ပုံတွေ မရနိုင်ပါဘူး” လို့ နန်းဖော့ဂေက  ပြောပါတယ်။ 

ဒါနဲ့ ပတ်သက်ပြီး မြန်မာသတင်းထောက်တယောက်ကလည်း “သူတို့ စဖွဲ့ကတည်းက အသိအမှတ်မပြုဘူးလို့ သတင်းထောက်တွေ၊ သတင်းသမားအဖွဲ့အစည်းတွေက ပြောထားပြီးသား။ ခုလည်း ဘယ်လိုသဘောနဲ့ ညီလာခံက ဖိတ်တယ်တော့ မပြောတတ်ဘူးပေါ့။ မြန်မာနိုင်ငံ သတင်းတွေနဲ့ ပတ်သက်ရင်လည်း သူတို့ကို ဆက်သွယ်ကြမှာမဟုတ်ပါဘူး။ သတင်းထောက်တွေက သူတို့လို ငတုံးတွေမှ မဟုတ်ကြတာ" လို့ ပြောပါတယ်။

ကမ္ဘာ့မီဒီယာ ကောင်စီမှာ စစ်ကောင်စီလက်အောက်ခံ မြန်မာသတင်းမီဒီယာကောင်စီကို တက်ခွင့်ပြုတာနဲ့ပတ်သက်လို့လည်း နန်းဖော့ဂေက    “သူတို့အနေနဲ့ လက်ရှိ စစ်ကောင်စီအောက်က ဖွဲ့စည်းထားတဲ့ မြန်မာသတင်းမီဒီယာကောင်စီကို အာဏာသိမ်းထားပြီး လက်ရှိ တိုင်းပြည်ကိုအုပ်ချုပ်နေသူတွေရဲ့ မီဒီယာကောင်စီတခုအဖြစ် သဘောထားပြီး တက်ခွင့်ပြုတာလို့ပဲ ယူဆပါတယ်။ အာဏာသိမ်းပြီးကတည်းက မီဒီယာတိုက်တွေ အဖျက်သိမ်းခံရ၊ ရပ်နားသွားရတာတွေနဲ့ သတင်းသမားတွေ တရားစွဲခံရ၊ ဖမ်းဆီးခံရ၊ ရှောင်တိမ်းနေရပြီး အသတ်ပါခံနေရတာတွေကို ကမ္ဘာ့သတင်းမီဒီယာကောင်စီက Update အခြေအနေတွေ မသိထားတာလည်း ဖြစ်နိုင်ပါတယ်။ တကယ်တမ်းမှာ လက်ရှိ မြန်မာသတင်းမီဒီယာကောင်စီက တနိုင်ငံလုံးက လွတ်လပ်စွာရပ်တည်နေတဲ့ မီဒီယာသမားတွေအတွက် ဘာမှအာမခံချက် မပေးနိုင်ပါဘူး။”လို့ပြောပါတယ်။ 

စစ်ကောင်စီက မီဒီယာကောင်စီကို ပြန်မဖွဲ့ခင် နုတ်ထွက်ခဲ့တဲ့ မီဒီယာကောင်စီဝင်တယောက်ကတော့ "အဲဒီသတင်းကိုမကျင်းပမီကတည်းက နိုင်ငံခြား သတင်းဖေါ်ပြမှု တခုမှာ တွေ့လိုက်ပါတယ်။ နိုင်ငံ ၃၅ နိုင်ငံက ကောင်စီတွေကို ဖိတ်တယ်လို့ ဆိုတယ်။ နိုင်ငံတကာကတော့ မြန်မာ့အနေအထားကို ကောင်းကောင်းနားမလည်တာလည်း ဖြစ်မယ်။ သို့မဟုတ် အဲလိုဖိတ်တဲ့အထဲ အာဏာရှင်နိုင်ငံတွေမှာ ရှိတဲ့ ကောင်စီတွေ ပါဝင်တာမျိုးလည်း ဖြစ်ကောင်းဖြစ်မယ်။ သူတို့ရဲ့ စံနှုန်းကို ကျနော်တော့ တိတိကျကျ မသိဘူး။ အခုလို လွတ်လပ်မှုမရှိတဲ့ နိုင်ငံက ကောင်စီလည်း ပါသွားတဲ့သဘောဖြစ်မယ် လို့ထင်တယ်" လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်  သတင်းဌာနတွေကို ထုတ်ဝင်ခွင့်ရပ်စဲတာ၊ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချတာ၊ သတင်းလွတ်လပ်ခွင့်ကို ပိုမိုဖိနှိပ်ချုပ်ချယ်လုပ်ဆောင်ခဲ့သလို မြန်မာသတင်းမီဒီယာကောင်စီကိုလည်း  စစ်ကောင်စီဩဇာခံ သတင်းသမားအမည်ခံတချို့နဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013