
ဂျပန်နိုင်ငံရဲ့ အရှေ့မြောက်ဘက် ကမ်းရိုးတန်းမှာ ဇွန် ၂၅ ရက်က ပြင်းအား ၆ ဒသမ ၉ အဆင့်ရှိတဲ့ အင်အားပြင်း ငလျင်တခု လှုပ်ခတ်သွားခဲ့ပေမဲ့ ဆူနာမီ သတိပေးချက်ထုတ်ပြန်တာ မရှိခဲ့သလို၊ ထိခိုက်ဒဏ်ရာရသူစာရင်းနဲ့ နျူကလီးယားစက်ရုံတွေမှာ ပုံမှန်မဟုတ်တဲ့ ထိခိုက်မှုမျိုးလည်း မတွေ့ရသေးဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။
အစိုးရအနေနဲ့ ငလျင်လှုပ်ခတ်သွားတဲ့ တိုဟိုကု ဒေသရဲ့ သတင်းအချက်အလက်တွေကို စုဆောင်းဖို့ အရေးပေါ်အဖွဲ့တဖွဲ့ ဖွဲ့စည်းထားပြီးဖြစ်သလို သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းတွေ အတွက်လည်း အသင့်ပြင်ထားတယ်လို့ အစိုးရဝန်ကြီးအဖွဲ့ အတွင်းရေးမှူးချုပ် မိနိုရုကိဟာရက သတင်းထောက်တွေကို ပြောပါတယ်။
ဂျပန်မိုးလေဝသအေဂျင်စီရဲ့ အဆိုအရ ဒီငလျင်ဟာ အီဝါတေး စီရင်စုကမ်းလွန်မှာ ရေပြင်အောက် အနက် ၅၀ ကီလိုမီတာ (မိုင် ၃၀) လောက်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင် အနည်းငယ်ပြောင်းလဲမှုကလွဲရင် ဆူနာမီကြောင့် ထိခိုက်ပျက်စီးနိုင်ခြေ မရှိဘူးလို့ ဆိုပါတယ်။
ဂျပန်နိုင်ငံရဲ့ ငလျင်ပြင်းအားတိုင်းတာမှုစံနှုန်းအရ ငလျင်ဒဏ် အဆိုးရွားဆုံးခံခဲ့ရတဲ့ အာအိုမိုရီ စီရင်စုမှာတော့ ပြင်းအားအဆင့် ၆ အထက်အထိ ရှိခဲ့ပါတယ်။ ဒီအဆင့်ဟာ လူတယောက်အနေနဲ့ မတ်တပ်ရပ်လို့ မရ၊ မြေပြင်ပေါ်မှာ တွားသွားမှရွေ့လျားနိုင်လောက်တဲ့အထိ ပြင်းထန်တဲ့ အဆင့်ဖြစ် ပါတယ်။
ဒီငလျင်ကြောင့် တိုဟိုကု လျှပ်စစ်စွမ်းအားကုမ္ပဏီရဲ့ အိုနာဂါဝါ နျူကလီးယားစက်ရုံနဲ့ လည်ပတ်မှု ရပ်နားထားတဲ့ ဟီဂါရှီဒိုရီ နျူကလီးယားစက်ရုံတွေမှာ ပုံမှန်မဟုတ်တာမျိုး ဘာမှမရှိသလို၊ အနီးနား က တိုကျိုလျှပ်စစ်စွမ်းအားကုမ္ပဏီနဲ့ တခြားကုမ္ပဏီတွေရဲ့ နျူကလီးယား အဆောက်အအုံတွေမှာ လည်း ထိခိုက်မှုမရှိဘူးလို့ နျူကလီးယားထိန်းညှိရေးအာဏာပိုင်အဖွဲ့က ပြောပါတယ်။
လမ်းပန်းဆက်သွယ်ရေးဘက်မှာတော့ အရှေ့ဂျပန် မီးရထားလိုင်းက တိုဟိုကု ရှင်ကန်ဆန် ကျည်ဆန်ရထားလိုင်းအပါအဝင် ရထားခရီးစဉ်တချို့ကို ယာယီရပ်နားထားပြီး အာအိုမိုရီ စီရင်စု အတွင်းက အမြန်လမ်းမကြီးတွေကိုလည်း စစ်ဆေးမှုတွေလုပ်ဖို့ ပိတ်ထားပါတယ်။
ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ငလျင်အလှုပ်ဆုံးဇုန်တွေထဲက တခုဖြစ်ပြီး ကမ္ဘာတဝှမ်းမှာ လှုပ်ခတ်တဲ့ ပြင်းအားအဆင့် ၆ နဲ့ အထက်ရှိတဲ့ ငလျင်တွေရဲ့ ၅ ပုံ ၁ ပုံလောက်က ဂျပန်နိုင်ငံမှာပဲ လှုပ်ခတ်လေ့ ရှိတာ ဖြစ်ပါတယ်။
Source:Reuters











