
နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်ထဲက ကျောက်မျက်ခြံဝင်းအနီးမှာ ဩဂုတ် ၂၈ ရက် မနက်က အိမ်စီးကားတစီး လမ်းဘေးက ရေကန်ထဲ ထိုးကျပြီး အမျိုးသားတယောက်နဲ့ အမျိုးသမီး တယောက် သေဆုံးခဲ့တယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။
ဒီမနက် ၉ နာရီဝန်းကျင်မှာ ဒက္ခိဏသီရိမြို့နယ် ထန်းတပင်ရပ်ကွက် ကျောက်မျက်ခြံဝင်းအနီးမှာ အိမ်စီးမော်တော်ယာဉ်တစီး အရှိန်လွန်ပြီး လမ်းဘေးက ရေကန်ထဲ ကျသွားတာဖြစ်ပါတယ်။
အခင်းဖြစ်နေရာကို ဒက္ခိဏခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်တစီး၊ ဒက္ခိဏသီရိမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစီး၊ ကြာပင်နယ်မြေမီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်တစီးနဲ့ လူမှုကူညီရေးအသင်းတွေ သွားရောက်ပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
အဲဒီဖြစ်စဉ်ကြောင့် ယာဉ်ပေါ်မှာပါတဲ့ အသက် ၃၇ နှစ်အရွယ် အမျိုးသားတယောက်နဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတို့ သေဆုံးခဲ့ပြီး အလောင်းတွေကို နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကို ပို့ထားပါတယ်။
ဒေသခံတယောက်က “ဖြစ်စဉ်တော့ ဂဃနဏ မသိဘူး။ ကားတစီး ကန်ထဲကျတယ်ဆိုလို့ သွားကြည့်တာ။ အမျိုးသမီး တယောက်နဲ့ အမျိုးသားတယောက် သေသွားတယ်။ လူငယ်တွေပဲ” လို့ ပြောပါတယ်။
အခင်းဖြစ်စဉ်ကြောင့် သေဆုံးသွားတဲ့ အမျိုးသားနဲ့ အမျိုးသမီးတို့ရဲ့ ရုပ်အလောင်းတွေကို လူငယ်တွဲလက်လူမှုကူညီရေးအသင်းက လူနာတင်ယာဉ်နဲ့ နေပြည်တော် ခုတင် ၁၀၀၀ ပြည်သူ့ ဆေးရုံကို ကူညီပို့ဆောင်ပေးထားပါတယ်။











