
မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က ပြန်ရပြီးနောက်ပိုင်း မြို့ပြင်မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပေမဲ့ ၄ လကျော် အကြာမှာတော့ တော်လှန်ရေးတပ်တွေ စတင်ဆုတ်ခွာနေပြီလို့ မြို့ခံတွေနဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
မန္တလေးတိုင်းထဲက မိုးကုတ်နဲ့ ရှမ်းမြောက်က မိုးမိတ်မြို့တွေကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က စစ်တပ်ဆီ ပြန်ပေးအပြီး မိုးကုတ်မြို့ပြင်နဲ့ တွင်းငယ်-မိုးမိတ်လမ်းတကြောမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။
ဒါကြောင့်ပဲ စစ်တပ်က အဲဒီမြို့ ၂ မြို့စလုံးမှာ အုပ်ချုပ်ရေးယန္တရားတွေ ခုချိန်ထိ မဖော်ဆောင်နိုင်ခဲ့ပေမဲ့ ၄ လကျော်အကြာမှာတော့ အခုရက်ပိုင်းအတွင်း တော်လှန်ရေးတပ်တွေ မိုးကုတ်ကနေ ဆုတ်ခွာနေကြပြီလို့ မြို့ခံတွေနဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ရှေ့တန်းနဲ့အဆက်အသွယ်ရှိတဲ့ ဒေသခံတယောက်က “ဆုတ်ခွာတာတွေလည်း ဆုတ်ခွာသလို ဆက်ရှိနေတဲ့ တပ်တွေလည်း ရှိကြပါတယ်။ အများစုကတော့ ဆုတ်ခွာကြပြီ။ ရှမ်းမြောက်ရဲ့ ဒေသတွင်းစစ်ရေး၊ နိုင်ငံရေးက ကာလတခုလောက် ဆက်မကြီးထွားနိုင်တော့ဘူးလို့ ယူဆကြတာ ဖြစ်ပါလိမ့်မယ်။ အများစုက မြေပြန့်ကို အားပြန်ပြုနေကြပါတယ်”လို့ ပြောပါတယ်။
တော်လှန်ရေးတပ်နဲ့နီးစပ်တဲ့ တခြား မိုးကုတ်မြို့ခံတယောက်ကလည်း စစ်တပ်က မိုးကုတ်-ဖော့တောလမ်းကို ထိန်းချုပ်ထားသလို မိုးမိတ်-တွင်းလမ်းပေါ်မှာလည်း ညှပ်ပိတ်ပြီး ထိုးစစ်ဆင်တာကြောင့် ထောက်ပံ့ရေး ခက်ခဲလာနိုင်တဲ့အပြင် ရဲဘော်တွေ အထိအခိုက်မရှိရအောင် ဆုတ်ခွာတာဖြစ်တယ်လို့ အတည်ပြုပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ရေးလေ့လာသူ CDM ဗိုလ်ကြီး ကိုဇင်ယော်က “တွင်းငယ်-မိုးမိတ်လမ်းမှာဆိုရင် မကျီးရည်၊ ဘော်ဒေ၊ မိုးဟောက်၊ အဲဘက်မှာထိ သူတို့တွေက စစ်ကြောင်းတွေ တပ်ဖြန့်လာတာ ရှိတယ်။ သပိတ်ကျဉ်း၊ တွင်းငယ်ဘက်ကလာတဲ့ စစ်ကြောင်းကလည်း သစ်ဆိမ့်ကုန်းရွာအထိ ရောက်နေတာကိုရှိတယ်။ အဲဒီတော့ အဲဒီစစ်ကြောင်း ၂ ကြောင်း လက်ချင်းချိတ်ဖို့ကလည်း ၁၆ ကီလိုမီတာလောက်ပဲ လိုတော့တယ်”လို့ ပြောပါတယ်။
ဒီလိုမျိုး စစ်ကောင်စီတပ်တွေက ဝိုင်းပတ်ပိတ်ဆို့လာတာကြောင့် အရင်တိုက်ပွဲဖြစ်ပွားလေ့ရှိတဲ့ ဘားနဒ်၊ ပြောင်ခေါင်း၊ ဘော်မားဘက်က တော်လှန်ရေးတပ်တွေ ဆုတ်ခွာလာရတာလို့ သိရပါတယ်။
မိုးကုတ်ကနေ ဆုတ်ခွာဖို့ မိုးကုတ်-မိုးမိတ် စစ်ဆင်ရေး စစ်ဦးစီးအဖွဲ့ကနေ အမိန့်ထုတ်ခဲ့တာလို့ နီးစပ်သူတွေက ပြောတာနဲ့ပတ်သက်ပြီး NUG နဲ့ မန္တလေး-PDF အပါအဝင် သက်ဆိုင်ရာ အဖွဲ့တွေကို DVB က စာပေးပို့မေးမြန်းပေမဲ့ သတင်းရေးသားချိန်ထိ ပြန်ဖြေတာမရှိသေးပါဘူး။








