DVB Logo
Home
မြန်မာသတင်း
လွိုင်ကော် ကရုဏာဆေးခန်းက ဆရာဝန်၊ သူနာပြုများကို စစ်တပ်က ပြန်မလွှတ်သေးဘဲ စစ်ကြောမေးမြန်းနေ
DVB
·
November 23, 2021
လွိုင်ကော် ကရုဏာဆေးခန်းက ဆရာဝန်၊ သူနာပြုများကို စစ်တပ်က ပြန်မလွှတ်သေးဘဲ စစ်ကြောမေးမြန်းနေ
1 / 2
Donate to DVB

ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ကရုဏာဆေးခန်းက ဆရာဝန်၊ သူနာပြုနဲ့ ဆေးခန်း စေတနာ့ဝန်ထမ်းတွေကို  စစ်ကောင်စီတပ်က ခေါ်ယူစစ်ကြောမေးမြန်းနေဆဲဖြစ်ပြီး ပြန်လွတ်လာဖို့ မျှော်လင့်တယ်လို့ လွိုင်ကော် ခရစ်တော်ဘုရင် ဗဟိုဘုရားကျောင်းတာဝန်ရှိသူက ပြောပါတယ်။

လွိုင်ကော်မြို့၊ နောင်ယားရပ်ကွက်ရှိ ခရစ်တော်ဘုရင် ဗဟိုဘုရားကျောင်းနဲ့ ကရုဏာဆေးပေးခန်းကို စစ်ကောင်စီတပ်တွေက  အင်အားအများအပြားနဲ့ နိုဝင်ဘာ ၂၂ ရက် မနက်က ဝင်ရောက်စီးနင်းခဲ့ပြီး ကရုဏာဆေးခန်းက  ဆရာဝန်၊ သူနာပြုနဲ့ ဆေးခန်း စေတနာ့ဝန်ထမ်း ၁၈ ဦးကို ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။

ဘုရားကျောင်းက ဘုန်းတော်ကြီးနဲ့ စစ္စတာတွေကတော့ ဖမ်းဆီးသွားတာမဟုတ်ဘဲ ဖမ်းဆီးခံ ရသူတွေ လွတ်လာဖို့လိုက်ပြီး ဝန်းရံကူညီတာလို့ ဆိုပါတယ်။

“ဘုန်းကြီးတွေနဲ့ စစ္စတာတွေကတော့ ဖမ်းတာမဟုတ်ဘူးပေါ့နော်။ သူတို့ကတော့ ကူလိုက်သွားပေးတဲ့ သဘောပေါ့။ သူတို့ စစ်ဆေးတာပြီးရင် ဖာသာတို့ ပြန်ခေါ်လာဖို့ အဲဒီလိုမျိုး လုပ်ထားတာလေ။ ဒါပေမဲ့ မပြန်လာ ဖြစ်သေးပါဘူး။ သူတို့ အခုထိ မနေ့က စစ်တာတို့ ညကအထိ စစ်တယ်ပေါ့နော်။ မနေ့ညက တညလုံးစစ်တဲ့အခြေအနေလေးတွေကို အစည်းအဝေးထိုင်ဖို့ ရှိတယ်လို့ သွားပို့ပေးတဲ့ ဖာသာတွေ စစ္စတာတွေက ပြောလာတယ်။ သူတို့က တခုခုဖြစ်မှာ ကြောက်လို့ နည်းနည်းလိုက်သွားတဲ့သဘောပါပဲ။ ”

ခရစ်တော်ဘုရင်ဗဟိုဘုရားကျောင်းမှာ PDF တွေ အခြေချနေတယ်ဆိုတာနဲ့  ကရုဏာ ဆေးခန်းမှာ PDF တွေကို ဆေးကုသပေးနေတယ်ဆိုပြီး စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်အင်အားအများပြားနဲ့ လာရောက်စီးနင်းခဲ့တာလို့ ဆိုပါတယ်။

“ဒီ PDF တွေ တိုက်ပွဲတွင်းဒဏ်ရာရလို့ ဆေးလာကုတယ်ဆိုတဲ့ သတင်းတွေရတာပေါ့။ ဒီမှာတော့ တခါတလေလည်း PDF ဟုတ်လား မဟုတ်လားတော့ မသိဘူး။ ထိခိုက်ဒဏ်ရာရတာ တခါတလေလည်း ကုပေးတာတော့ ရှိတော့ရှိမှာပေါ့။ ကျနော်တို့ ဆေးခန်းတို့၊ ဘုရားကျောင်းတို့ ဆိုတာ ဘယ်သူ့ကိုမှ ရွေးတာမဟုတ်ဘူးလေ။ ဘယ်အဖွဲ့အစည်း၊ ဘယ်လူပုဂ္ဂိုလ် ဘယ်သူဆိုပြီး ရွေးတာမှမဟုတ်တာ။ လူနာအနေနဲ့လာရင် လူနာအနေနဲ့ပဲ ကျနော်တို့ ကုသပေးတာလေ။ တပ်မတော်မို့လို့၊ ရဲမို့လို့၊ PDF မို့လို့ဆိုပြီးမရှိဘူးပေါ့နော်။ …… အဲလို သတင်းတွေရလို့ လာစစ်ဆေးရခြင်းဖြစ်တယ်။ PDF တွေ ဆေးကုပေးတယ်ဆိုတဲ့ အချက်က ဒါ ပထမ အချက်ပေါ့နော်။ ဒုတိယအချက်တော့ CDM ဆရာဝန်တွေပေါ့နော်။ CDM ဆရာဝန်တွေ ဆေးရုံမှာ ဆေးမကုဘဲ ဆေးခန်းမှာလာပြီးမှ ဆေးဝါးကုသမှုပေးတယ်ဆိုတဲ့ တချက်အတွက်ကတော့ စစ်ဆေးစရာရှိတာပေါ့နော်။ ”

ဘုရားကျောင်းမှာ PDF တွေ လက်ခံထားတဲ့ဆိုတာနဲ့ပတ်သက်လို့ လာစစ်တဲ့ပေါ် ဘုရားကျောင်းတာဝန်ရှိသူက ဆက်ပြီး  “လာစစ်ဆေးတယ်ဆိုတာက အခုနပြောသလို ဒလန်တွေကြောင့် ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ဥပမာ ဘုန်းကြီးကျောင်းမှာ PDFတွေရှိတယ်။ PDF တွေ ခိုအောင်းနေတယ်ဆိုပြီး သတင်းပေးတဲ့လူတွေ ရှိရင်ရှိမှာပေါ့။ တကယ်တော့ မရှိပါဘူး။ သူတို့ လာရှာတော့လည်း မတွေ့ပါဘူး။ သူတို့ကြောက်ပြီးမှ လာရှာတာ၊ ကျနော်တို့ ဘုန်းကြီးအဆောင်မှာရော၊ ဆေးခန်းမှာရော လာရှာတယ်။ ဒါပေမဲ့ ဘယ်သူမှတော့ မတွေ့ဘူး။ တကယ်လည်း မရှိပါဘူး။ ဒီမှာ ဘယ် PDF မှလည်း မရှိပါဘူး။ တကယ်လည်းမရှိပါဘူး။ ”

မနေ့က ကရုဏာဆေးခန်းဝင်စီးပြီး ဖမ်းဆီးစစ်ဆေးခံရသူတွေထဲမှာ ဆရာဝန် ၄ ယောက်၊ အမျိုးသား သူနာပြု ၅ ယောက် အမျိုးသမီးသူနာပြုနဲ့ ဝန်ထမ်းအားလုံး ၁၈ ဦးပါဝင်တယ်လို့ ဆိုပါတယ်။

ဆေးခန်းမှာ ဆေးကုသပေးနေတဲ့ဆရာဝန်တွေဟာ အရင်ကတည်းက အဆိုပါဆေးခန်း ဆေးကုပေးနေသူတွေ ဖြစ်ပါတယ်။ ဒီလိုဆရာဝန်၊ သူနာပြုနဲ့ စေတနာ့ဝန်ထမ်းတွေကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့အတွက် ဆေးခန်းက လူနာတွေကို ရွှေလွိုင်ကော်ပရဟိတအသင်းက လွိုင်ကော်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြတယ်လို့ အသင်းရဲ လူမှုကွန်ရက်မှာ ဖော်ပြပါတယ်။

ကရုဏာဆေးခန်းမှာ ခွဲစိတ်ပြီးလူနာ၊ မွေးလူနာ၊ ရိုးရိုးလူနာ ၄၁ ယောက်နဲ့  P+ Positive ၄ ဦးတို့ကို လွိုင်ကော် ဆေးရုံကြီးကို  ရွှေလွိုင်ကော်လူနာတင်ကားနဲ့ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ လူမှုကွန်ရက်မှာ ရေးထားပါတယ်။

ဆရာဝန်နဲ့ သူနာပြုမရှိတော့တဲ့အတွက် ဆေးခန်းကို လက်ရှိပိတ်ထားရပြီး ဆရာဝန်တွေ ပြန်လွတ်လာပါက ဆေးခန်းပြန်ဖွင့်ဖို့ အစီအစဉ်ရှိတယ်လို့ ဘုရားကျောင်းတာဝန်ရှိသူက ပြောပါတယ်။ 

ခရစ်တော်ဘုရင် ဗဟိုဘုရားကျောင်းဝင်းထဲမှာ ဖွင့်လှစ်ထားတဲ့ ကရုဏာဆေးခန်းဟာ လွိုင်ကော်မြို့ပေါ် အပါအဝင် အနီးနားပတ်ဝန်းကျင်က  ဒေသခံပြည်သူတွေ အားကိုးအားထားရတဲ့ ဆေးခန်းဖြစ်ပြီး လူနာတွေကို အခမဲ့နီးပါး ကုသပေးနေတဲ့ ဆေးခန်းဖြစ်ပါတယ်။

အထူးသဖြင့် အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေက ဖျားနာလာပါက ကရုဏာဆေးခန်းကိုသာ အဓိကအားထားကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013