DVB Logo
Home
မြန်မာသတင်း
NUG အထူးငွေတိုက်စာချုပ် စတင်ရောင်းချသည့်တရက်တည်း ကန်ဒေါ်လာ ၆ ဒသမ ၃ သန်းကျော်ဖိုး ရောင်းချရ
DVB
·
November 23, 2021
NUG အထူးငွေတိုက်စာချုပ် စတင်ရောင်းချသည့်တရက်တည်း ကန်ဒေါ်လာ ၆ ဒသမ ၃ သန်းကျော်ဖိုး ရောင်းချရ
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ NUG က အထူးငွေတိုက်စာချုပ်တွေကို နိုဝင်ဘာလ ၂၂ ရက်နေ့မှာ စတင်ရောင်းချခဲ့ရာမှာ  မနေ့က ည ၁၂ နာရီအချိန်ထိ အမေရိကန်ဒေါ်လာ ၆ ဒသမ ၃ သန်းကျော် ရောင်းချပြီးဖြစ်တယ်လို့သိရပါတယ်။

အထူးငွေတိုက်စာချုပ် စတင်ရောင်းချပြီး ၂ နာရီအတွင်းမှာတင် အမေရိကန်ဒေါ်လာ ၂ သန်းဖိုးရောင်းချခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်းဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းဇေယျာဦးက ဒီဗွီဘီ ကိုပြောပါတယ်။

NUGက နွေဦးတော်လှန်ရေး အထူးငွေတိုက်စာချုပ်တွေကို https://www.unitedbonds-nug.org/  ဝက်ဘ်ဆိုက်ကတဆင့် ရောင်းချနေတာဖြစ်ပြီး  ဝယ်ယူသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို   အထူးလုံခြုံတဲ့ နည်းပညာနဲ့ အာမခံချက်ပေးထားတာကြောင့် စိုးရိမ်မှုမရှိဘဲ  ယုံယုံကြည်ကြည် ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ဘဏ်ငွေလွှဲစနစ်ကိုလည်း အတတ်နိုင်ဆုံး၊ အစွမ်းကုန် ကြိုးစားပြင်ဆင်ပေးထားတဲ့ အတွက် စိတ်ချလုံခြုံစွာ ငွေလွှဲပြောင်းပေးပို့နိုင်တဲ့အပြင် ဝယ်ယူသူ မူလပိုင်ရှင်အပြင် ဆက်ခံသူတစ်စုံတစ်ဦးကိုလည်း အမည်/တော်စပ်ပုံ ဖြည့်သွင်းဆောင်ရွက်ခြင်းနဲ့ စိတ်ချ လုံခြုံမှုကို အပြည့်အဝဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ငွေတိုက်စာချုပ်တွေကို အမေရိကန်ဒေါ်လာ ၁၀၀၊ ၅၀၀၊ ၁၀၀၀၊ ၅၀၀၀ တန်အမျိုးအစား ၄ မျိုးနဲ့ အတိုးမဲ့ ထုတ်ဝေရောင်းချသွားမယ်လို့ ကြေညာထားပြီး တစ်ဦးချင်း၊ တစ်ယောက်ချင်း စိတ်ကြိုက် ဝယ်ယူနိုင်တဲ့အပြင် အစုအဖွဲ့လိုက် စုပေါင်းစပ်ပေါင်းလည်း ဝယ်ယူနိုင်မယ်လို့ ဆိုပါတယ်။

စာချုပ်သက်တမ်းကိုတော့ ၂ နှစ်သတ်မှတ်ထားကာ သက်တမ်းစေ့ရောက်တဲ့အချိန်မတိုင်ခင်မှာ တဆင့်ပြန်လည်လွှဲပြောင်း၊ ရောင်းချ၊ ဝယ်ယူခွင့်ပြုမှာမဟုတ်ဘဲ သက်တမ်းစေ့ပြီးနောက်မှသာ သတ်မှတ်စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဆောင်ရွက်ပိုင်ခွင့်ရှိမှာ ဖြစ်ပါတယ်။

အခုလို အထူးငွေတိုက်စာချုပ်တွေကို တော်လှန်ရေးအစိုးရတရပ်က အတိုးမဲ့ ထုတ်ဝေ ရောင်းချတာဟာ ကမ္ဘာ့သမိုင်းမှာတော့ ပထမဆုံးအကြိမ် ဖြစ်လာခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေစီ စနစ်ကို လိုလားတဲ့ မြန်မာပြည်သူတွေက စစ်အာဏာရှင်ကို အဆုံးစွန် ဆန့်ကျင် အာခံတော်လှန်ခဲ့တဲ့ သမိုင်းမော်ကွန်းအဖြစ် ခမ်းနားစွာထင်ရှား ကျန်ရစ်ခဲ့မှာဖြစ်တယ်လို့ ဆိုပါတယ်။

အသေးစိတ်သိလိုတာတွေရှိရင်လည်း အီးမေးလ်လိပ်စာ [email protected] ဆီ ဆက်သွယ်မေးမြန်းနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013