DVB Logo
Home
မြန်မာသတင်း
NUG ငွေတိုက်စာချုပ်များ စတင်ရောင်းချသည့် ၂ နာရီအတွင်း ကန်ဒေါ်လာ ၂ သန်းဖိုး ရောင်းရ
DVB
·
November 22, 2021
NUG ငွေတိုက်စာချုပ်များ စတင်ရောင်းချသည့်  ၂ နာရီအတွင်း  ကန်ဒေါ်လာ ၂ သန်းဖိုး ရောင်းရ
Donate to DVB

NUG က အထူးငွေတိုက်စာချုပ်တွေကို နိုဝင်ဘာ ၂၂ ရက် ဒီကနေ့  စတင်ရောင်းချရာမှာ  ၂ နာရီအတွင်းမှာ အမေရိကန်ဒေါ်လာ ၂ သန်းဖိုး ရောင်းချပြီးသွားပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာန ဒုဝန်ကြီး ဦးမင်းဇေယျာဦးက ဒီဗွီဘီကို ပြောပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က နွေဦးတော်လှန်ရေး အထူးငွေတိုက်စာချုပ်တွေကို ဝယ်ယူနိုင်မယ့် ဝက်ဘ်ဆိုက်စာမျက်နှာကို ထုတ်ပြန်လိုက်ပြီး ဒီကနေ့ နိုဝင်ဘာ ၂၂ ရက်မှာ စတင်ထုတ်ဝေရောင်းချနေပါတယ်။

ငွေတိုက်စာချုပ်တွေကိုတော့ ဝက်ဘ်ဆိုက်စာမျက်နှာ https://www.unitedbonds-nug.org/   ပေါ်ကတဆင့် ဝယ်ယူနိုင်မှာဖြစ်ကာ ဝယ်ယူသူရဲ့ ကိုယ်ရေးအချက်အလက်တွေကိုလည်း အထူးလုံခြုံတဲ့ နည်းပညာနဲ့ အာမခံချက်ပေးထားတာကြောင့် စိုးရိမ်ကြောင့်ကြမဖြစ်ဘဲ ယုံယုံကြည်ကြည် ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ဘဏ်ငွေလွှဲစနစ်ကိုလည်း အတတ်နိုင်ဆုံး၊ အစွမ်းကုန် ကြိုးစားပြင်ဆင်ပေးထားတဲ့အတွက် စိတ်ချလုံခြုံစွာ ငွေလွှဲပြောင်းပေးပို့နိုင်တဲ့အပြင် ဝယ်ယူသူ မူလပိုင်ရှင်အပြင် ဆက်ခံသူတစ်စုံတစ်ဦးကိုလည်း အမည်/တော်စပ်ပုံ ဖြည့်သွင်းဆောင်ရွက်ခြင်းနဲ့ စိတ်ချ လုံခြုံမှုကို အပြည့်အဝဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ငွေတိုက်စာချုပ်တွေကို အမေရိကန်ဒေါ်လာ ၁၀၀၊ ၅၀၀၊ ၁၀၀၀၊ ၅၀၀၀ တန်အမျိုးအစား ၄ မျိုးနဲ့ အတိုးမဲ့ ထုတ်ဝေရောင်းချသွားမယ်လို့ ကြေညာထားပြီး တစ်ဦးချင်း၊ တစ်ယောက်ချင်း စိတ်ကြိုက် ဝယ်ယူနိုင်တဲ့အပြင် အစုအဖွဲ့လိုက် စုပေါင်းစပ်ပေါင်းလည်း ဝယ်ယူနိုင်မယ်လို့ ဆိုပါတယ်။

စာချုပ်သက်တမ်းကိုတော့ ၂ နှစ်သတ်မှတ်ထားကာ သက်တမ်းစေ့ရောက်တဲ့အချိန်မတိုင်ခင်မှာ တဆင့်ပြန်လည်လွှဲပြောင်း၊ ရောင်းချ၊ ဝယ်ယူခွင့်ပြုမှာမဟုတ်ဘဲ သက်တမ်းစေ့ပြီးနောက်မှသာ သတ်မှတ်စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဆောင်ရွက်ပိုင်ခွင့်ရှိမှာ ဖြစ်ပါတယ်။

အခုလို အထူးငွေတိုက်စာချုပ်တွေကို တော်လှန်ရေးအစိုးရတရပ်က အတိုးမဲ့ ထုတ်ဝေ ရောင်းချတာဟာ ကမ္ဘာ့သမိုင်းမှာတော့ ပထမဆုံးအကြိမ် ဖြစ်လာခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို လိုလားတဲ့ မြန်မာပြည်သူတွေက စစ်အာဏာရှင်ကို အဆုံးစွန် ဆန့်ကျင် အာခံတော်လှန်ခဲ့တဲ့ သမိုင်းမော်ကွန်းအဖြစ် ခမ်းနားစွာထင်ရှား ကျန်ရစ်ခဲ့မှာဖြစ်တယ်လို့ ဆိုပါတယ်။

အသေးစိတ်သိလိုတာတွေရှိရင်လည်း အီးမေးလ်လိပ်စာ [email protected] ဆီ ဆက်သွယ်မေးမြန်းနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013