DVB Logo
Home
မြန်မာသတင်း
ဇရပ်နီကျေးရွာတွင် စစ်ကောင်စီတပ် ထောင်ထားသည့်မိုင်းနင်းမိသဖြင့် အမျိုးသမီးတစ်ဦး သေဆုံး
DVB
·
November 21, 2021
ဇရပ်နီကျေးရွာတွင် စစ်ကောင်စီတပ် ထောင်ထားသည့်မိုင်းနင်းမိသဖြင့် အမျိုးသမီးတစ်ဦး သေဆုံး
1 / 4
Donate to DVB

မကွေးတိုင်း ရေစကြိုမြို့ ရေလယ်ကျွန်း ဒေသဖြစ်တဲ့ ဇရပ်နီကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ထောင်ထားတဲ့ မိုင်းနင်းမိပြီး အမျိုးသမီး တစ်ဦး သေဆုံးခဲ့တယ်လို့ ကျေးရွာဒေသခံတွေဆီက သိရပါတယ်။

ရေလယ်ကျွန်းကျေးရွာတွေကို အကြမ်းဖက် စစ်ကောင်စီတပ်သားတွေ အလုံးအရင်းနဲ့ နိုဝင်ဘာ ၂၀ ရက်နေ့က အင်အားဖြည့်ရောက်ရှိနေပြီး ညပိုင်းမှာ ဇရပ်နီနဲ့ သာဂေါင်ကျေးရွာကြားမှာ စစ်ကောင်စီတပ်သားတွေ ထောင်ထားတဲ့ မိုင်းနင်းမိပြီး သာဂေါင်ကျေးရွာက အမျိုးသမီးတစ်ဦး သေဆုံးခဲ့တာလို့ သိရပါတယ်။

“သတင်းက မနက်ကျမှ ကြားရတာပါ။ မိုင်းနင်းမိတာက သာဂေါင်က မိန်းကလေး စခတွေ ထောင်ထားခဲ့တဲ့ မိုင်းနင်းမိပြီးတော့ သေသွားတယ်။ နင်းမိပြီးပြီးချင်းတော့ မသေသေးဘူးလို့ သတင်းကြားတာ၊ ခုမနက်ပိုင်းကျတော့ သေသွားတယ်၊ ညက စခတွေ လက်နက်ကြီးငယ်တွေနဲ့ ရွာထဲကိုပစ်တယ်၊ လူမရှိတဲ့အိမ်တွေမှာ ဝင်မွှေပစ္စည်းတွေယူသွားတယ်။ အိမ်တွေထဲမှာ ဝင်ဖျက်ဆီးတာတွေလုပ်တယ်။ ရွာကလူတွေက ဘေးလွတ်ရာကို ရှောင်တိမ်းနေကြရတယ်။ ခု မနက်မှာ ဇရပ်နီရွာထဲမှာဝင်မွှေနေတယ်။ သေနတ်တွေပစ်ဖောက်တာတွေလုပ်နေတယ်။” လို့ ကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။

ဇရပ်နီကျေးရွာမှာ နိုဝင်ဘာ ၂၀ ရက်နေ့ မနက် ၈ နာရီခွဲအချိန်လောက်ကတည်းက စစ်ကောင်စီက တပ်စွဲထားပြီး နေအိမ်တွေအတွင်း ဝင်ရှောက်မွှေနှောက်ရှာဖွေမှုတွေပြုလုပ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ 

ဒါ့အပြင် ကျောက်ရစ်ဘက်က ဆင်းလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက  ဆင်လှောင်ကျေးရွာဘက်ကို ရောက်ရှိလာတာကြောင့် မြစ်သာ၊ သူဌေးကုန်း၊ ရွှေလှံ၊ မြစ်ဆုံ စတဲ့ ကျေးရွာတွေက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖြုံဖူးကျေးရွာမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေ ဝင်ရောက်လာပြီး သေနတ်ပစ်ဖောက်တာတွေ ပြုလုပ်ပြီး နေအိမ်တွေအတွင်း ဝင်ရောက်ဖျက်ဆီးကာ ပစ္စည်းများ ယူဆောင်ခြင်းတွေအပြင် ဗိုလ်ချုပ်ကြေးရုပ်ကို လှဲချဖျက်ဆီးတာတွေ ပြုလုပ် ခဲ့တယ်လို့သိရပါတယ်။

နိုဝင်ဘာ ၂၁ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်မှာတော့ မြစ်ဆုံဒေသမှာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ နှစ်ဖွဲ့ ပူးပေါင်းသွားပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013