
စစ်ကိုင်းတိုင်း၊ ဝက်လက်နယ်၊ တည်တောရွာစာသင်ကျောင်းမှာ တပ်စွဲဖို့ပြင်ဆင်နေတဲ့ ပျူစောထီးတွေအပါအဝင် အင်အား ၁၀၀ လောက်ရှိ စစ်ကောင်စီစစ်ကြောင်းကို နိုဝင်ဘာ ၁၉ ရက် မနက်ပိုင်းမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စာသင်ကျောင်းအနီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ၃၀ ကျော်သေဆုံးတယ်လို့ ဒေသခံတွေက အတည်ပြုပြောပါတယ်။
“တိုက်ပွဲကတော့ မနက် ၉ နာရီလောက်ကနေ နေ့လယ် ၂ နာရီလောက်အထိဖြစ်တာပဲ။ တအုန်းအုန်းနဲ့၊ ရွာထဲကနေအိမ်အချို့ကိုလည်း မီးရှို့တယ်။ စစ်တပ်ဘက်က မိုင်းမိသေတဲ့ အလောင်းတွေကို ခဲရောင် ပေါင်မုန့်ကားနဲ့ ဝက်လက်ဆေးရုံသယ်ပို့နေတာမြင်တယ်။ စာ သင်ကျောင်းအနီးမှာ အစုလိုက် အပြုံလိုက် မိုင်းမိတဲ့အလောင်းတွေကတော့ မသယ်ရသေးဘူးလို့ သိရတယ်၊ အားလုံး ၃၀ ကျော်လောက်ရှိတယ်တဲ့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဝက်လက်မြို့နယ်အနောက်ခြမ်း မူးမြစ်ကမ်းဘေးကကျေးရွာတွေကို စီးနင်းတပ်စွဲဖို့ လာရောက်တဲ့ အကြမ်းဖက်စစ်တပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထိပ်တိုက်ခုခံရင်း မိုင်းဆွဲတိုက်ခိုက် ခဲ့ရာမှာ PDF ဘက်က ၁ ဦး ကျဆုံးတယ်လို့ တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“စစ်ခွေးတွေက လမ်းကျောအတိုင်းမဝင်ပဲနဲ့လယ်တောတွေဘက်ကနေ ဒလစပ် ပစ်ပြီးတည်တောရွာကို တန်းဝင်လာတာ၊ ကျနော်တို့ကပြန်ပြီး ခုခံပစ်ခတ်ရင်း စစ်ခွေတွေက လက်နက်ကြီးနဲ့ ပစ်နေလို့ ဆုတ်ပေးလိုက်ရတယ်။ အထိခိုက်ကတော့ ကိုယ်ဘက်က နှစ်ယောက်ထိတယ်၊ တစ်ယောက်ကတော့ အတည်ပြုလို့ရတယ်။ လွယ်အိပ်ထဲ လက်လုပ်မိုင်းတစ်လုံးနဲ့ သမ္မရိုးတံတားပေါ်မှာမိလို့ စစ်ခွေးတွေက ပစ်သတ်ပြီး ရေထဲမြောပစ်လိုက်ကြတယ်။ တစ်ယောက်ကတော့ အတည်ပြုလို့မရသေးဘူး။”
အကြမ်းဖက်စစ်တပ်ဟာ တည်တောကျေးရွာက နေအိမ် ၂ လုံး၊ ဆိုင်ကယ် ၁၁ စီးနဲ့ လယ်တောတဲတခုလုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာစာသင်ကျောင်းအတွင်းက ပစ္စည်းအချို့ကိုလည်း မီးရှို့သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရတာနဲ့ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။
စက်တင်ဘာ ၉ ရက်နေ့ကလည်း ဝက်လက်မြို့နယ်အနောက်ခြမ်းက ရွှေပန်းကုန်းရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စီးနင်းတိုက်ခိုက်ခဲ့တာကြောင့် ရဲ ၂ ဦး သေးဆုံးခဲ့တယ်လို့ သိရပါတယ်။