
မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ နိုဝင်ဘာ ၁၈ ရက် ဒီကနေ့ တိုက်ပွဲဖြစ်ပွားပြီး မအူအောက်ဆိပ် ရဲစခန်း စခန်းသိမ်းမီးရှို့ခံရတာကြောင့် တပ်ကူရောက်လာတဲ့ စစ်ရဟတ်ယာဥ်တစီး ပျံဝဲနေတယ်လို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။
ဒီနေ့လယ် ၂ နာရီခွဲလောက်က ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ် အပြန်အလှန်တိုက်ပွဲဖြစ်ခဲ့ပြီး မအူအောက်ဆိပ်ရဲစခန်း မီးရှို့ခံခဲ့ရတာလို့ သိရပါတယ်။ ဒီနောက် ညနေ ၃ နာရီဝန်းကျင်လောက်မှာ စစ်ရဟတ်ယာဉ် တပ်ကူရောက်လာခဲ့တာဖြစ်ပါတယ်။
ကျေးရွာဒေသခံတစ်ဦးက “ရေစကြိုမြို့ မြောက်လက်မှာ အပြန်အလှန်ပစ်ခတ်ကြတယ်၊ မအူစခန်းက စခန်းသိမ်းပြီး မီးရှိ့ခံခဲ့ရတယ်။ စစ်ရဟတ်ယာဉ်လာတာကတော့ စစ်ကူလာတဲ့ သဘောလား ခြိမ်းခြောက်ချင်တဲ့ သဘောလားတော့ မသိဘူး။ တစ်ရွာလုံးလည်း ထွက်ပြေးနေကြရတယ်။ ရေလယ်ကျွန်းဘက်မှာ ရောက်နေတဲ့ အင်အား ၇၀ လောက်က မအူစခန်းမီးလောင်တယ်ဆိုလို့ ဒီဘက်ကိုတပ်ကူ လာနေတယ်လို့ ကြားတယ်။ ဒါပေမဲ့ သူတို့စခန်းကတော့ မီးလောင်နေပြီးပြီ” လို့ ပြောပါတယ်။
စစ်ရဟတ်ယာဉ်ပျံဝဲနေတာကြောင့် ကျေးရွာဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး ဘေးလွတ်ရာမှာ ပုန်းခိုနေကြရပါတယ်။ အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုတွေမှာ နှစ်ဖက် အသေအပျောက် ဒဏ်ရာရတဲ့ အခြေအနေကိုတော့ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။
ရေလယ်ကျွန်းကျေးရွာကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက် ဖမ်းဆီးမှုတွေ ပြုလုပ်နေတဲ့ ရဲတပ်ဖွဲ့တွေ မအူစခန်းမီးရှို့ခံရတာကြောင့် တပ်ကူသွားရောက်ဖို့ ဇက်ဆိပ်ကို ပြန်ဆင်းနေကြပြီလို့လည်း ရေလယ်ကျွန်းကျေးရွာ ဒေသခံတွေဆီက သိရပါတယ်။