DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးအစီအစဉ် အကောင်အထည်ဖော်ရန် စစ်ကောင်စီကို တရုတ်အထူးသံ တိုက်တွန်း
DVB
·
November 18, 2021
ငြိမ်းချမ်းရေးအစီအစဉ် အကောင်အထည်ဖော်ရန် စစ်ကောင်စီကို တရုတ်အထူးသံ တိုက်တွန်း
Donate to DVB

မြန်မာနိုင်ငံကို လာရောက်တဲ့ တရုတ်အထူးသံတမန် စွန်းဂေါ်ရှန်းက ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ အာဏာသိမ်းစစ်ကောင်စီကို တိုက်တွန်းထားတယ်လို့ South China Morning Post သတင်းစာမှာ  ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းထားတာ  ၁၀ လနီးပါးကြာနေပြီဖြစ်တဲ့ အိမ်နီးချင်း မြန်မာနိုင်ငံတွင်းက နိုင်ငံရေးအကျပ်အတည်းကို ဖြေလျှော့ပေးဖို့ တရုတ်အစိုးရက သူ့ရဲ့ နောက်ဆုံးကြိုးပမ်းချက်ဖြစ်တဲ့ မြန်မာနိုင်ငံကို အထူးကိုယ်စားလှယ် စေလွှတ်ခဲ့တာပါ။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်းနဲ့ အဖွဲ့ဟာ နိုဝင်ဘာ ၁၅ ရက်က နေပြည်တော်ကို သွားရောက်ခဲ့ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရာပြည့်တို့နဲ့ သီးခြား တွေ့ဆုံခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကနေ သိရတယ်လို့ ဆိုပါတယ်။ 

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဥပဒေဘောင်အောက်မှာ တွေ့ဆုံဆွေးနွေးခြင်းကနေတဆင့် နိုင်ငံရေးအရ ပြေလည်မှုရရှိစေဖို့ မြန်မာနိုင်ငံရှိ သက်ဆိုင်သူ အားလုံးကို ထောက်ခံအားပေးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လီဂျန်းက ထုတ်ပြန်ချက်မှာ ပြောပါတယ်။ 

အာဆီယံမိသားစုရဲ့ အရေးကြီးတဲ့အဖွဲ့ဝင်ဖြစ်တဲ့ မြန်မာနိုင်ငံကို တရုတ်နိုင်ငံက တက်ကြွစွာထောက်ခံပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်လို့လည်း  ဆိုပါတယ်။ 

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စွန်းဂေါ်ရှန်း ရဲ့ ဒုတိယအကြိမ် မြန်မာနိုင်ငံ ခရီးစဉ်လည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့သြဂုတ်လအတွင်းက မြန်မာပြည်သွားရောက်ခဲ့ချိန်မှာ ဖေဖော်ဝါရီ အာဏာသိမ်းပြီးကတည်းက ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ တောင်းဆိုမှုကို စစ်ခေါင်းဆောင်တွေက ပယ်ချခဲ့ပါတယ်။ 

ဒါဟာ စစ်အုပ်စုနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကြား  ကြားဝင်ညှိနှိုင်းပေးဖို့ တရုတ်အစိုးရရဲ့ ကြိုးပမ်းမှုအတွက် ဆုတ်ယုတ်မှုအဖြစ် နိုင်ငံတကာအသိုက်အဝန်းက ရှုမြင်ခဲ့ပါတယ်။ 

ဓာတ်ပုံ-DSINFO

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013