
အီဘိုလာရောဂါနဲ့ သေဆုံးတယ်လို့ သံသယရှိသူတွေကို လုံလုံခြုံခြုံ မြေမြှုပ်သင်္ဂြိုဟ်ဖို့ တာဝန်ယူ ထားရတဲ့ အဖွဲ့တွေဟာ ဒေသခံတွေရဲ့ တိုက်ခိုက်မှုတွေ အပါအဝင် အန္တရာယ်တွေနဲ့ ပိုပြီး ရင်ဆိုင် နေရတယ်လို့ ပြောပါတယ်။
မြေမြှုပ်သင်္ဂြိုဟ်ရေးအဖွဲ့တွေဟာ ကျန်းမာရေးနဲ့ ဘေးကင်းရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရင်း အီဘိုလာနဲ့ သေဆုံးတယ်လို့ သံသယရှိသူတွေရဲ့ ရုပ်အလောင်းတွေကို ကိုင်တွယ်တာ၊ နမူနာတွေ ကောက်ယူတာနဲ့ ပိုးသတ်တာတွေ လုပ်ဖို့ တာဝန်ရှိပါတယ်။
ဘူတမ်ဘိုမြို့မှာ မြေမြှုပ်သင်္ဂြိုဟ်ရေးအဖွဲ့ဝင်တွေဟာ လုပ်ငန်းခွင်ထဲဆင်းတဲ့အခါ လုံခြုံရေးဝန်ထမ်း တွေနဲ့ အမြဲတမ်း အဖော်လိုက်ပါလာနိုင်တာမျိုး မရှိတာကြောင့် ရန်လိုတဲ့ လူအုပ်ကြီးတွေရဲ့ အကြမ်းဖက်မှုကို ခံရဖို့ ပိုပြီး လွယ်ကူနေပြီး တခါတလေ လူထုက သူတို့ဘက်ကို လှည့်လာပြီး တိုက်ခိုက်ဖို့ ကြိုးစားတတ်တယ်လို့ မြေမြှုပ်သင်္ဂြိုဟ်ရေးအဖွဲ့ခေါင်းဆောင် ဇန်မာရီ ကမ်ဘာလေက ပြောပါတယ်။
လုပ်ငန်းခွင်ထဲ မထွက်ခွာခင်မှာ မြေမြှုပ်သင်္ဂြိုဟ်ရေးအဖွဲ့ဟာ သူတို့ရဲ့ ဘေးကင်းလုံခြုံရေးအတွက် ဆုတောင်းပွဲ ပြုလုပ်ကြပါတယ်။
ဒါဟာ တာဝန်ထွက် မထမ်းဆောင်ခင် သူတို့ရဲ့ ပြင်ဆင်မှုတွေထဲက အရေးကြီးတဲ့ အပိုင်းတခု ဖြစ်လာပြီလို့ ဆိုပါတယ်။
သူတို့အဖွဲ့ဟာ အရင်ကလည်း တိုက်ခိုက်ခံခဲ့ရဖူးပြီး လုပ်ဖော်ကိုင်ဘက်တယောက်ဟာ ဒူးခေါင်းကို ဓားရှည်နဲ့ အခုတ်ခံခဲ့ရလို့ ဆေးရုံမှာ ဆက်လက် ကုသမှုခံယူနေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း ဒဏ်ရာရခဲ့တဲ့ အဖွဲ့ဝင် လမ်ဘတ် မာဘိုကိုက သူ ဒဏ်ရာရသွားမှန်းတောင် အစက မသိလိုက်ဘဲ သေးငယ်တဲ့ ဒဏ်ရာလို့ပဲ ထင်ခဲ့ကြောင်း၊ ဒါပေမဲ့ နောက်လူတယောက်က ခြေထောက်နှစ်ဖက်စလုံး မလှုပ်ရှားနိုင်အောင် ဓားရှည်နဲ့ ထပ်မံ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ အနည်းငယ် ရှောင်တိမ်းနိုင်ခဲ့ပေမဲ့ ဓားချက်က ဒူးခေါင်းကို ထိမှန်ပြီးသား ဖြစ်နေတာကြောင့် ဒူးခေါင်း ကျိုးသွားခဲ့ရတယ်လို့ ပြောပြပါတယ်။
ဒီအကြမ်းဖက်မှုတွေကြောင့် ကျန်းမာရေးဌာနတွေကိုလည်း ထိခိုက်စေခဲ့ပါတယ်။ အက်စပွာ ကျန်းမာရေးစခန်းဟာ ဒေသခံတွေရဲ့ ဖျက်ဆီးမီးရှို့တာကို ခံခဲ့ရတယ်လို့ ဝန်ထမ်းတွေက ပြောပါတယ်။
အဏုကြည့်မှန်ပြောင်းတွေ၊ ဆေးဘက်ဆိုင်ရာပစ္စည်းတွေ၊ ဆေးဝါးတွေ၊ ဆေးရုံခုတင်တွေ၊ ဆိုလာပြားတွေနဲ့ ရေသိုလှောင်တဲ့ ပစ္စည်းတွေ အပါအဝင် အဖိုးတန်ပစ္စည်းများစွာ ဆုံးရှုံးခဲ့ရပြီး အဆောက်အအုံတခုလုံးလည်း မီးလောင်ပြာကျခဲ့ရပါတယ်။
အဆိုးဆုံးကတော့ ဆေးရုံတက်နေတဲ့ လူနာတွေအားလုံးဟာ ကွန်ဂို ဖရန့်ငွေကြေး တပြားတချပ်မှ မပေးဘဲ အပြင်လူ့အသိုက်အဝန်းထဲကို ထွက်ပြေးတိမ်းရှောင်သွားကြတယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၁၄ ရက်က ထုတ်ပြန်ခဲ့တဲ့ တရားဝင် ကိန်းဂဏန်းတွေအရ ဒီမိုကရက်တစ် ကွန်ဂိုသမ္မတနိုင်ငံမှာ အတည်ပြုပြီး အီဘိုလာ လူနာအရေအတွက်ဟာ သေဆုံးသူ ၃,၄၇၅ ယောက် အပါအဝင် ၇,၂၀၀ အထိ မြင့်တက်လာခဲ့ပြီ ဖြစ်ပါတယ်။
Source: Reuters











