DVB Logo
Home
မြန်မာသတင်း
၂၀၀၈ ဖွဲ့စည်းပုံအောက်ကို ပြန်သွားမည်မဟုတ်ဟု NUCC ပြော
DVB
·
November 16, 2021
၂၀၀၈ ဖွဲ့စည်းပုံအောက်ကို ပြန်သွားမည်မဟုတ်ဟု NUCC ပြော
Donate to DVB

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC  အနေနဲ့  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်ကို ပြန်သွားမှာမဟုတ်ဘူးလို့ NUCC အဖွဲ့မှာ ဦးဆောင်ပါဝင်သူ တစ်ဦးဖြစ်တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာ ၁၆ ရက်က ဒီကနေ့ အွန်လိုင်းကနေ ပြုလုပ်တဲ့ NUCC ပထမအကြိမ် သတင်းစာရှင်းလင်းပွဲမှာ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင့်လူ့အဖွဲ့အစည်းဦးဆောင်သူ ကိုမင်းကိုနိုင်က ပြောဆိုလိုက်ပါတယ်။

NUCC ဟာ ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်စာတမ်းမူကြမ်းကို အားလုံးရဲ့ဘုံသဘောတူညီချက်နဲ့ ရရှိထားပြီဖြစ်ပြီး စစ်ကောင်စီဘက်က စေ့စပ်ရေးလမ်းကြောင်းပေါ်တက်လာရင်တောင် ၂၀၀၈ ဖွဲ့စည်းပုံအောက်ကို  ပြန်သွားတော့မှာမဟုတ်ဘူးလို့ ကိုမင်းကိုနိုင်က ပြောဆိုခဲ့တာပါ။

"အရင်တုန်းက လွန်ခဲ့တဲ့ ၁၀ နှစ် ၁၅နှစ် ကာလတစ်ခုကပေါ့ နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ မတရားသဖြင့်အပြုကျင့်ခံခဲ့ရတဲ့ ကြမ်းကြုတ်မှုဒဏ်တွေကိုခံခဲ့ရတဲ့ နိုင်ငံရေးသမားတွေနဲ့ ကျောင်းသားတွေကို မေးလေ့ရှိတာပေါ့နော်။ အဲ့ဒီလူတွေကို ခွင့်လွှတ်နိုင်မလားပေါ့။ အဲ့ဒီတုန်းက ပြန်လည်သင့်မြတ်ရေးအတွက် ကြိုးပမ်းခဲ့ကြတာကိုး။ အဲဒီတုန်းကမေးသလိုဖြစ်နေပြီ။ ဘာဖြစ်လို့လဲဆိုတော့ ခွင့်လွှတ်တယ်မခွင့်လွှတ်ဘူးဖြေရအောင် ပြုခဲ့တဲ့ကာယကံရှင်ကရော ခွင့်လွှတ်ပါ မှားသွားပါတယ်လို့ ဝန်ခံလို့လား။ ဒါအရေးကြီးတာနော်။ ခုလည်း ဒီလိုပဲသွားကြမှာလား။ စေ့စပ်ဆွေးနွေးရေးကို လက်မခံဘူးလားဆိုတဲ့မေးခွန်းလိုပဲ ဘယ်သူကစေ့စပ်ဆွေးနွေးရေးကို  ဦးတည်နေလို့လဲ။ လက်တွေ့ဖြစ်နေတဲ့အခင်းအကျင်းတွေ အပြုအမူတွေကရော ဆွေးနွေးပွဲဖြစ်နိုင်တဲ့အခြေအနေမို့လို့လား။ ဒါကိုစဉ်းစားစေချင်ပါတယ်။ ယုတ္တိရှိရင်ကောင်းတယ်။ အခြေခံအချက်အလက်တွေအများကြီးလိုတယ်ဗျ။ ဖြေရှင်းမှုဆိုတာ ပုံသဏ္ဏာန်မျိုးစုံရှိတယ်။ စကားပြောပြီးဖြေရှင်းတာတွေရှိသလို တချို့ကြတော့ ခုခံပြီးတော့ ပြန်ပြီးဖြေရှင်းရတာတွေရှိတယ်။ မေးစရာရှိတယ်။ ကျနော်တို့က  ၂၀၀၈ဖွဲ့စည်းပုံအောက်ကိုပြန်သွားမှာမဟုတ်ဘူးနော်။ ဒါကတော့ ကျနော်တို့င သေချာတယ်။ ဒီလောက်ဆိုရင်တော်တော်ကြီးကို သဘောပေါက်မယ်ထင်တယ်။ ပြီးတော့ အာမခံချက်တွေလိုတယ်။ အနာဂတ်ပြည်ထောင်စုမှာ လက်နက်ကိုင်ပြီးတော့ ဝင်ရောက်စိုးမိုးတဲ့အမူအကျင့်တွေကို တကယ်ပြောင်းလဲနိုင်လား။ အချက်အလက်တွေဟာ မေးခွန်းထုတ်စရာရှိတယ်။"လို့ ကိုမင်းကိုနိုင်က ပြောပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကိုလည်း NUCC က ရေးဆွဲထားပြီး ကိုယ်ပိုင်ပြဋ္ဌာန်းအုပ်ချုပ်ခွင့်အတွက် ဆွေးနွေးတာတွေဆက်တိုက်ပြုလုပ်နေပါတယ်။ 

NUCC ကို မတ်လ ၈ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အလွှာအသီးသီးက အဖွဲ့အစည်း ၂၈ ဖွဲ့ပူးပေါင်းခေါင်းဆောင်မှုနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ကို ဖွဲ့စည်းပေးနိုင်ခဲ့ပါတယ်။

NUCCက ရေးဆွဲနေတဲ့ ပဋိညာဉ်ကိုမူကြမ်းနဲ့ ပတ်သက်ပြီးလည်း ကိုမင်းကိုနိုင် "ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေကို PDF နဲ့ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်နေတဲ့အဖွဲ့တွေဟာ ကာကွယ်ကြရမှာပဲ။ ကျနော်တို့  ပဋိညာဉ်တွေရေးပြီးပြီ။ ပဋိညာဉ်ကိုမူကြမ်းရပြီးပြီ သူ့လမ်းစဉ်နဲ့သူသွားနေတယ်။ အခြေခံအချက်အလက်တွေများစွာ အပေါ်မူတည်ပြီး ဆွေးနွေးရေးတို့ စတဲ့အချက်အလက်တွေဟာ တော်လှန်ရေးမြန်မြန်ပြီးဖို့အပေါ် စတဲ့အချက်အလက်တွေဟာ များစွာမူတည်ပါတယ်" လို့ ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC နဲ့ တော်လှန်ရေးကာလမှာပူးပေါင်းပါဝင်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကတော့ ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ ချင်းအမျိုးသားတပ်ဦး CNF တို့အပါအဝင် အဖွဲ့ ၈ဖွဲ့အထိရှိလာပါတယ်။

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၄ ဖွဲ့အပါအဝင် ကျန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလည်း ပူးပေါင်းပါဝင်ကြဖို့  NUCC က တိုက်တွန်းဖိတ်ခေါ်နေပါတယ်။

ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီမှ ဒေါက်တာလျန်မုန်းဆာခေါင်းက” NUCC က ၆လတစ်ကြိမ် ပြည်သူ့ညီလာခံခေါ်ယူသွားဖို့ပြင်ဆင်နေပြီး ပထမဆုံးအကြိမ်ညီလာခံကို ဒီဇင်ဘာလအတွင်းမှာ ကျင်းပနိုင်ဖို့ ကြိုးစားနေပါတယ်။ ပြည်သူ့ညီလာခံမှာပါဝင်ချင်တဲ့ အစုအဖွဲ့တွေနဲ့ ပြည်သူတွေ ဘယ်လိုချိတ်ဆက်ပါဝင်နိုင်မယ်ဆိုတာကိုတော့ တရားဝင်ထုတ်ပြန်ပေးသွားမယ်” လို့ ပြောပါတယ်။ 

စစ်အာဏာရှင်စနစ်မဖြုတ်ချနိုင်ခင်ကြားကာလမှာ NUG က ကြားကာလအစိုးရ အဖြစ်တာဝန်ယူသွားမှာဖြစ်ပြီး အာဏာရှင်ကိုရှင်းလင်းပြီးရင်တော့ ဖက်ဒရယ်ဒီမိုကရေစီအခြေခံဥပဒေနဲ့ အစိုးရကို ဖွဲ့စည်းနိုင်ဖို့ NUCC က ကြိုးစားနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013