
ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးက သံတမန်လုပ်ငန်းစဉ် မဟာဗျူဟာမူဘောင် ကို နိုဝင်ဘာ ၃ ရက်က ထုတ်ပြန်ရာမှာ အွန်လိုင်းငွေလိမ်ဂိုဏ်းပြဿနာနဲ့ နယ်စပ်လုံခြုံရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ စီးပွားကုန်သွယ်ရေးတွေကနေတဆင့် မြန်မာ့မြေရှားသတ္တုကို ရယူနိုင်ရေးအချက်ကို ချိတ်ဆက်ဖော်ပြခဲ့ပါတယ်။
အမေရိကန်သံရုံးဘက်က ကြေညာချက်ထွက်ပြီး နောက်တရက် အမေရိကန်ကြားကာလ ရွေးကောက်ပွဲအလွန် နိုင်ငံရေးအပြောင်းအလဲမှာတော့ အမေရိကန်အစိုးရရဲ့နိုင်ငံခြားရေး မူဝါဒနဲ့ လုပ်ထုံးလုပ်နည်းတချို့ အပြောင်းအလဲဖြစ်လာနိုင်တယ်လို့ ခန့်မှန်းမှုတွေရှိလာပါတယ်။
တရုတ်နိုင်ငံကလက်ဝါးကြီးအုပ်ထားတဲ့ မြေရှားသတ္တုအရေးဟာ အမေရိကန် အမျိုးသား လုံခြုံရေးအတွက် အရေးပါနေပြီး အချုပ်အခြာအာဏာပြိုကွဲနေတဲ့ မြန်မာပြည်မှာ ယုံကြည်မှုနဲ့ ဆက်ဆံဖို့ ခိုင်မာတဲ့အစိုးရတရပ်မရှိသေးတာက အမေရိကန်အတွက် စိန်ခေါ်ချက် ဖြစ်နေတာပါ။
တရုတ်နဲ့ အင်အားချိန်ခွင်ညှိမဲ့ မူဝါဒရေးရာက အပြောင်းအလဲသိပ်မဖြစ်နိုင်ပေမဲ့ ပြဿနာတွေကို ကိုင်တွယ်မဲ့ နည်းနာတွေကိုတော့ ဒီမိုကရက်ပါတီက စွက်ဖက်၊ ပြင်ဆင်၊ တားဆီးခွင့်ရှိလာတာပါ။
လွှတ်တော် ၂ ရပ်စလုံးကိုလွှမ်းမိုးလိုက်တဲ့ ဒီမိုကရက်တွေက ဆန်ရှင်တွေဆက်ထားပြီး စစ်အာဏာရှင်တွေကို ပြတ်ပြတ်သားသားဖိအားပေးတာတွေပြန်လုပ်လာနိုင်တယ်လို့ အမေရိကန် အခြေစိုက် မြန်မာ့အရေးလေ့လာသူတွေက မှတ်ချက်ပေးပါတယ်။
အဲဒါအပြင် မိခင်နိုင်ငံအခြေခံမူဝါဒတွေနဲ့ ကိုက်ညီတဲ့နည်းလမ်းနဲ့ အမေရိကန်အစိုးရက မြန်မာပြည်ကို ချဉ်းကပ်မှ လုပ်ငန်းရှင်တွေက ဝင်ရောက်လုပ်ကိုင်ဖို့အဆင်ပြေမှာဖြစ်ပါတယ်။
အမေရိကန်ရဲ့ဩဇာကိုပြန်ထူထောင်နိုင်ဖို့နဲ့ အရှေ့တောင်အာရှဒေသတွင်း ပြည်သူတွေရဲ့ ထောက်ခံမှု ကို ပြန်ရဖို့ အမေရိကန်အစိုးရက ကစားပွဲမှာ မိတ်ဖက်အဖြစ်ဘယ်သူ့ကို ရွေးချယ်မယ်ဆိုတာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်မှ လမ်းကြောင်းမှန်ကနေ တရုတ်အစိုးရရဲ့ လွှမ်းမိုးမှုကို တုံ့ပြန်နိုင်မှာ ဖြစ်ပါတယ်။
မြန်မာ့ဒီမိုကရေစီအရေးမဟာမိတ်များအဖွဲ့က ခင်သီရိနန္ဒာစိုးက “အမေရိကန်နိုင်ငံရဲ့ ၂၀၂၆ ကြားဖြတ်ရွေးကောက်ပွဲအလွန်မှာ ဒီဗျူဟာက ပြောင်းလဲလာနိုင်တယ်လို့ သုံးသပ်ပါတယ်။ အာဏာ ခွဲဝေထိန်းကျောင်းမှုက အသစ်တရပ် ပေါ်ပေါက်လာပြီဖြစ်တယ်။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အရေးတွေကို ပြန်လည်ပြီးတော့ တင်းကျပ်လာတာမျိုးတွေဖြစ်နိုင်တယ်။ မြေရှားနဲ့ ပတ်သက်ပြီးတော့ ကုန်သွယ်ရေးရည်မှန်းချက်တွေအပေါ်မှာလည်းပဲ စိစစ်တာတွေမြင့်မားလာ နိုင်တယ်။ ဒီမိုကရက်တွေဦးဆောင်တဲ့ကော်မတီတွေက စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုး ဖောက်မှုတွေကို ငွေကြေးထောက်ပံရာရောက်မရောက် ဆိုတာတွေကို လွှတ်တော်ကြားနာပွဲတွေ ခေါ်ယူပြီး ပြင်းပြင်းထန်ထန် စစ်ဆေးတာမျိုးတွေ လုပ်လာနိုင်တယ်ပေါ့။ တရုတ်နိုင်ငံက မြေရှားနဲ့ပတ်သက်တဲ့ ကဏ္ဏအပေါ်မှာ သဘာဝအတိုင်း လက်ဝါးကြီးအုပ်ထားနိုင်တဲ့ အနေအထား ရှိနေတယ်။ ဒါကို ICS လိုမျိုး ဗျူဟာ စာရွက်စာတမ်းတခုတည်းနဲ့ ဖြိုဖျက်ဖို့ဆိုတာက ဖြစ်နိုင်ဖို့ မရှိဘူးပေါ့နော်”လို့ ပြောပါတယ်။
တရုတ်နဲ့အပြိုင် မြန်မာ့မြေရှားသတ္တုကို ရယူနိုင်ဖို့ အမေရိကန်မှာ အထွေထွေယှဉ်ပြိုင်နိုင်စွမ်း အဆင်သင့်အခြေအနေမှာမရှိသေးဘူးလို့ ကျွမ်းကျင်ပညာရှင်တွေက မှတ်ချက်ပေးပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ညှိနှိုင်းပြီး မြေရှားကုန်ကြမ်းတွေ ရအောင်ဝယ်နိုင်ခဲ့တယ် ဆိုရင်တောင် ကုန်ချောရဖို့ တရုတ်နိုင်ငံဆီကိုပဲ ပေးပို့ပြီး သန့်စင်ရမှာဖြစ်ပါတယ်။
တရုတ်က မြေရှားအထူးပြုဓါတုဗေဒကွင်းဆက်ကိုပါ အပြည့်အဝထိန်းချုပ်ထားတာကြောင့် အကျိုးအမြတ်ဟာ တရုတ်ဆီကိုပဲ သွယ်ဝိုက်ပြီးရောက်သွားဖို့ရှိနေတာပါ။
အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက အစအဆုံးလည်ပတ်နိုင်တဲ့ ကိုယ်ပိုင်ဓာတုသန့်စင် စက်ရုံတွေ တည်ဆောက်နိုင်မှ တရုတ်လွှမ်းမိုးထားတဲ့ မြေရှားသတ္တုဆိုင်ရာ ကွင်းဆက်ကို ချိုးဖောက်နိုင်မှာ ဖြစ်ပါတယ်။
မြေရှားသတ္တုထွက်ရှိရာ မြန်မာနိုင်ငံမြောက်ပိုင်းနဲ့အရှေ့မြောက်ပိုင်းဒေသဟာ တရုတ်နဲ့နယ်မြေ ဆက်စပ်နေတာဖြစ်ပြီး ဒေသတွင်းလက်နက်ကိုင်အစုအဖွဲ့အများစုဟာ တရုတ်အစိုးရနဲ့ သမိုင်းနဲ့ချီတဲ့ ဆက်ဆံရေးရှိခဲ့သူတွေဖြစ်ပါတယ်။
အဲ့ဒီဒေသတွေဟာ တရုတ်ရဲ့ငွေကြေးနဲ့ကုန်တင်ယာဉ်တွေကအစ အထွေထွေပံ့ပိုးမှုတွေလွှမ်းမိုး ထားတဲ့ နေရာဖြစ်တာကြောင့် အစုအဖွဲ့အများစုဟာ တရုတ်အစိုးရဆီက ရုန်းထွက်ဖို့ မလွယ်တဲ့သူ တွေ အဖြစ်နဲ့ ရပ်တည်နေကြရတာပါ။
ဒီအခြေအနေမှာ အမေရိကန်က အချိန်တိုအတွင်း တရုတ်ကိုဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ ခက်မဲ့အပြင် အမေရိကန်က ရင်းနှီးမြှပ်နှံမယ်ဆိုတဲ့ ဒေါ်လာ ၅သန်းတန် လုပ်ငန်းတွေဆိုတာဟာ တရုတ်-မြန်မာ နယ်စပ် မြေရှားလုပ်ကွက်တွေမှာလည်ပတ်နေတဲ့ ဒေါ်လာဘီလီယံချီတဲ့ တန်ဖိုးပမာဏတွေနဲ့ ယှဉ်လိုက်ရင် ကွာဟချက်ကြီးမားနေပါတယ်။
အမေရိကန်နဲ့ တရုတ် ၂ နိုင်ငံစလုံးရဲ့ လက်ရှိမူဝါဒတွေဟာ သူတို့ရဲ့အမျိုးသားအကျိုးစီးပွားကိုပဲ ဦးတည်ထားတာဖြစ်ပြီး မြန်မာပြည်သူတွေအတွက် ထည့်သွင်းတွက်ချက်ထားတာမျိုး မတွေ့ရဘူးလို့ မြေရှားသတ္တုရေးရာကျွမ်းကျင်သူ ဦးဆိုင်းလီက မှတ်ချက်ပေးပါတယ်။
တနင်္သာရီတိုင်းနဲ့ မြန်မာပြည်အရှေ့ခြမ်းနေရာတချို့မှာလည်း မြေရှားသတ္တုရင်းမြစ်တွေရှိနေပေမဲ့ စီးပွားဖြစ်ထုတ်လုပ်နိုင်မဲ့ အရည်အသွေးနဲ့ပမာဏ ရှိမရှိကိုတော့ စမ်းသပ်တိုင်းတာမှုတွေ ဆက်လုပ်ရဦးမှာ ဖြစ်ပါတယ်။
မြေရှားသတ္တုရေးရာကျွမ်းကျင်သူ ဦးဆိုင်းလီက “အမေရိကန်ပြည်ထောင်စုရဲ့ဆောင်ရွက်မှုက အလုပ်ဖြစ်မှာမဟုတ်ဘူး။ တရုတ်နိုင်ငံကလည်း ဒီဟာမျိုးတွေတော့ လက်သင့်ခံမှာ မဟုတ်ဘူး။ သူတို့ရဲ့ စီမံကိန်းက ကချင်ပြည်နယ် အခုလက်ရှိထွက်နေတဲ့နေရာတွေမှာတော့ သိပ်ပြီးမှ ဖြစ်မှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ တောင်ပိုင်းတို့ တခြားဒေသတွေမှာ မြေရှားရှာဖွေရေးတွေ လုပ်ပြီး ရင်းနှီးမြှုပ်နှံမလားဆိုတဲ့ဟာမျိုး အဲ့ဒီလိုမျိုးတော့ ကျနော်စဉ်းစားမိပါတယ်။ မြေရှားကတော့ တရုတ်နိုင်ငံမှာ မလေးရှားမှာရော ဥရောပမှာဆိုရင် အက်စတိုးနီးယားနိုင်ငံမှာပေါ့ အဲ့ဒီမှာ သန့်စင်တဲ့စက်ရုံတွေရှိတယ်။ ဒါပေမဲ့ အများစုအားဖြင့်တော့ တရုတ်နိုင်ငံမှာပဲ စက်ရုံတွေက တည်ရှိတာပေါ့လေ။ အမေရိကန်ပြည်ထောင်စုအနေနဲ့က ဒီကုန်ကြမ်းတွေကို ဘယ်နေရာမှာ သူတို့ သန့်စင်ထုတ်လုပ်မလဲ စသဖြင့်ပေါ့ သူတို့ ပြန်ပြီးစနစ်တကျလုပ်ဖို့အတွက်ကတော့ အချိန်တော့ တော်တော်ယူရဦးမှာပေါ့။ နိုင်ငံကြီးတွေရဲ့ ယှဉ်ပြိုင်မှု နိုင်ငံကြီးတွေရဲ့ပွတ်တိုက်မှုကြားထဲမှာ ကျနော်တို့နိုင်ငံက စနစ်တကျကိုင်တွယ်မှုမရှိဘူး၊ မလုပ်နိုင်ဘူးဆိုရင်က ပိုပြီးဆိုးရွားသွားမဲ့ အနေအထား မျိုးလို့ပဲ ကျနော်နားလည်တယ်”လို့ ပြောပါတယ်။
မြန်မာပြည်တွင်းကို ဝင်ရောက်မယ်ဆိုရင် အမေရိကန်ဟာ အင်အားကြီးပြိုင်ဘက် တရုတ်နဲ့ နိုင်ငံရေးဆိုင်ရာကြီးမားတဲ့ လက်တွေ့တွန်းတိုက်မှုတွေကြုံရမှာပါ။
တရုတ်က မြန်မာနိုင်ငံကို အိန္ဒိယသမုဒ္ဒရာထွက်ပေါက်အဖြစ်မြင်ထားပြီး မြေရှားလုပ်ငန်းတွေကို လည်း အပြည့်အဝလွှမ်းမိုးထားတာဖြစ်တဲ့အတွက် အမေရိကန်က မြန်မာပြည်တွင်းထဲအထိ ဝင်ပြီး တန်ပြန်ဖို့ကြိုးစားရင် တရုတ်ရဲ့ပြင်းထန်တဲ့တုံ့ပြန်မှုကို ကြုံရမှာဖြစ်ပါတယ်။
အဲ့ဒါအပြင် မြန်မာနိုင်ငံအပါအဝင်အရှေ့တောင်အာရှဒေသတွင်းကို အမေရိကန်က တရုတ်ထက် အကူအညီအထောက်အပံ့ပေးနိုင်စွမ်းနဲ့ ဩဇာလွှမ်းမိုးနိုင်စွမ်း လတ်တလောမှာ ရှိမနေပါဘူး။
ဒီအခင်းအကျင်းထဲကို အမေရိကန်ကို ဆွဲခေါ်ဖို့အားထုတ်ခဲ့တဲ့ စစ်အာဏာရှင်နဲ့ တရုတ်အစိုးရရဲ့ ဆက်ဆံရေးကိုတော့ ဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။
မြန်မာ့အရေးသုံးသပ်သူက ဒေါက်တာလှကျော်ဇောက “ဦးသိန်းစိန်အစိုးရတုန်းက မြစ်ဆုံကြီးတောင် ဖျက်ပစ်သေးတာပဲ။ အဲ့ဒီတော့ သူတို့က ဒါကို တော်တော်သဘောကျပုံရတယ်။ ဒါကြောင့်မို့လို့ အနောက်နိုင်ငံတွေကို တအားကပ်နေတာ။ ဒါပေမဲ့ ခင်ဗျားလည်းကြားမှာပဲ အနောက်နိုင်ငံတွေ ကိုယ်တိုင်က သူတို့ဒုက္ခနဲ့သူတို့ တရုတ်ကိုကပ်နေကြရတာလေ။ မှတ်မိလား အစောပိုင်းက အာဏာသိမ်းဖို့လုပ်တုန်းက သူက ရုရှားသွားပြီး ပူတင်ကိုတောင်ပြောနေသေးတာလေ။ ကျနော်တို့ ငြိမ်းချမ်းရေးမလုပ်နိုင်တာ အိမ်နီးနားချင်းနိုင်ငံကြီးက ဘာလုပ်လို့ ညာလုပ်လို့ဆိုပြီး ခင်ဗျား ပူတင်တောင်မှ တရုတ်ကပ်နေရတဲ့ကိစ္စကြီး၊ သူဒီလောက်တောင်မတွက်ချက်နိုင်တာတော့ အံ့ဩတယ်။ တရုတ်ကို အကုန်ဝိုင်းပြီးတော့ ဖက်နေရသလိုဖြစ်နေတာလေ စီးပွားရေးအရက။ ပါးစပ်ကသာ တောပြောတောင်ပြော ပြောတာ။ ဘယ်သူကမှ သူ့ဆီလာပြီးရင်းနှီးမြှုပ်နှံမှာ မဟုတ်ဘူးလေ။ မင်းအောင်လှိုင်ရဲ့အနာဂတ် စစ်အုပ်စုရဲ့အနာဂတ်ကတော့ သိပ်မကောင်းလှ ပါဘူးပေါ့။”
မြန်မာနိုင်ငံကမြေရှားသတ္တုကို ရယူရေးဟာ၂၀၂၅ အတွင်း အမေရိကန် ဒုသမ္မတဂျေဒီဗန့်စ်ရဲ့ရုံးခန်းမှာ ပညာရှင်တွေကို ခေါ်ယူပြီးပြုလုပ်ခဲ့တဲ့ ကြားနာမှုတွေကိုအခြေခံထားတဲ့ အစီအစဉ်ဖြစ်ပါတယ်။
အမေရိကန်အစိုးရက စစ်အာဏာရှင်နဲ့ ပေါ်ပေါ်ထင်ထင်ဆက်ဆံ ရင်တိုင်းရင်းသားလက်နက်ကိုင်တွေ ရဲ့ယုံကြည်မှုကိုလက်လွှတ်ရမှာဖြစ်ပြီး လူထုရဲ့ဆန့်ကျင်မှုကို ကြုံတွေ့ရမှာပါ။
တိုင်းရင်းသားတွေနဲ့ပဲ ဆက်ဆံရင်လည်း နိုင်ငံတကာ သံတမန်ရေးရာစည်းမျဉ်းတွေကို ချိုးဖောက်ရာ ရောက်ပြီး ပြိုင်ဖက်နိုင်ငံတွေရဲ့ဝေဖန်ပြစ်တင်မှုတွေကို ကြုံရမှာဖြစ်ပါတယ်။
နှစ်ဖက်စလုံးနဲ့တိတ်တဆိတ်ဆက်ဆံပြီး အကျိုးစီးပွားတခုတည်းကြည့်ရင်လည်း အမေရိကန်ဟာ မြန်မာပြည်တွင်းကစစ်ပွဲတွေကို ပိုပြီးမီးမွှေးပေးရာရောက်ပြီး အထွေထွေအကျပ်အတည်းနဲ့ ကြုံရဖို့ ရှိနေတာပါ။
မြန်မာ့ပြည်တွင်းရေးတည်ငြိမ်မှုရှိဖို့၊ လက်ရှိအမေရိကန်ရဲ့ဩဇာအင်အား စတဲ့အခြေအနေတွေကပဲ မြန်မာပြည်တွင်း ဝင်ရောက်မယ်ဆိုတဲ့ အမေရိကန်အစိုးရရဲ့ဗျူဟာအောင်မြင်ရေးဟာ အကန့်အသတ်တွေရှိနေကြောင်း ပြသနေတာပါ။
အဲ့ဒါအပြင် ကိုယ်ကျိုးစီးပွားပဲကြည့်တဲ့ လက်တွေ့ဝါဒကနေတဆင့် ရာဇဝတ်မှုတွေ ဖုံးလွှမ်းနေတဲ့ ဒေသတွင်းမှာ ဗျူဟာတစုံလုံးအောင်မြင်မဲ့ မှန်ကန်တဲ့နည်းလမ်းကိုရှာတွေ့ဖို့ မလွယ်နိုင်ဘူးလို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။
သုတချမ်းသာ











