DVB Logo
Home
မြန်မာသတင်း
ဘဏ္ဍာနှစ်သစ် တစ်လကျော်အတွင်း မြန်မာ့နယ်စပ်ကုန်သွယ်မူ ယခင်နှစ်ထက် ဒေါ်လာ သန်း ၅၃၀ ကျော် လျော့ကျ
DVB
·
November 14, 2021
ဘဏ္ဍာနှစ်သစ် တစ်လကျော်အတွင်း မြန်မာ့နယ်စပ်ကုန်သွယ်မူ ယခင်နှစ်ထက် ဒေါ်လာ သန်း ၅၃၀ ကျော် လျော့ကျ
Donate to DVB

၂၀၂၁−၂၀၂၂ ခြောက်လဘဏ္ဍာနှစ်ရဲ့ ပထမလတစ်လကျော်အတွင်း မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း နိုင်ငံတွေအကြား နယ်စပ်ကုန်သွယ်မှုဟာ ပြီးခဲ့တဲ့ဘဏ္ဍာနှစ် ကာလတူနဲ့ နှိုင်းယှဉ်ရင် အမေရိကန်ဒေါ်လာ ၅၃၂ သန်းကျော် လျော့ကျနေပါတယ်။

စစ်ကောင်စီလက်အောက်က စီးပွားကူးသန်း၀န်ကြီးဌာနရဲ့ ထုတ်ပြန်ထားချက်အရ ပို့ကုန်၊ သွင်းကုန် နှစ်ရပ်စလုံးက လျော့ကျနေပြီး အရင် ၂၀၂၀−၂၁ ဘဏ္ဍာနှစ် ကာလတူနဲ့နှိုင်းယှဉ်ရင် ပြည်ပကုန်စည်တင်ပို့မှုမှာ ၅၆ ရာခိုင်နှုန်း၊ တင်သွင်းမှုမှာ ၂၁ ရာခိုင်နှုန်း လျော့ကျနေပါတယ်။

အခုဘဏ္ဍာနှစ်မှာ ရေကြောင်းကုန်သွယ်ရေးက ကန်ဒေါ်လာသန်း ၂၂၀ ကျော် ပိုမိုကုန်သွယ်လာနိုင်ပေမဲ့ နယ်စပ်ကုန်သွယ်ရေးက လျော့နည်းလာတာ ဖြစ်ပါတယ်။

နယ်စပ်ကုန်သွယ်ရေးမှာ တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုက ကန်ဒေါ်လာသန်း ၆၀၀ နီးပါး၊ ဘင်္ဂလားဒေ့ရှ်  နိုင်ငံနဲ့ ကုန်သွယ်မှုက ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းကျော်၊ အိန္ဒိယနဲ့ကုန်သွယ်မူက ကန်ဒေါ်လာ ၂ ဒသမ ၄ သန်းကျော် အသီးသီး လျော့ကျနေပါတယ်။ ထိုင်းနိုင်ငံနဲ့ ကုန်သွယ်မှုတစ်ခုသာ အရင်နှစ်ထက် ကန်ဒေါ်လာ သန်း ၆၀ကျော် မြင့်တက်နေတာပါ။

အဲဒီလို လျော့ကျတာဟာ တရုတ်နိုင်ငံဘက်က အဓိက နယ်စပ်ဂိတ်တွေ ပိတ်ခဲ့တာကြောင့်ဖြစ်ပြီး အခုအခါမှာတော့ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေ ဖြစ်တဲ့ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီးဂိတ်တွေကို ပြန်လည်ဖွင့်လှစ်ဖို့ တရုတ်နိုင်ငံဘက်က ပြင်ဆင်နေပါတယ်။

စစ်ကောင်စီကတော့ ၂၀၂၂ ခုနှစ် မတ်လအထိ ဆောင်ရွက်မယ့် နှစ်၀က်ဘတ်ဂျတ်ရဲ့ ကုန်သွယ်မှု ကဏ္ဍမှာ ရလဒ်ကောင်းရရှိဖို့ မျှော်မှန်းထားပြီး၊ ပို့ကုန်ကို ကန်ဒေါ်လာ ၈ ဒသမ ၂ ဘီလီယံ၊ သွင်းကုန်ကို ကန်ဒေါ်လာ ၈ ဒသမ ၈ ဘီလီယံ ကုန်သွယ်နိုင်ဖို့ လျာထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

အခု တစ်လကျော်ကာလအတွင်းမှာတော့ မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မူ စုစုပေါင်း ကန်ဒေါ်လာ ၂ ဒသမ ၅၅၃ ဘီလီယံရှိပြီး ပို့ကုန်ပိုင်းမှာ ၁ ဒသမ ၃၀၃ ဘီလီယံ၊ သွင်းကုန်ပိုင်းမှာ ၁ ဒသမ ၂၅၀ ဘီလီယံတန်ဖိုး ကုန်သွယ်မူ ပြုထားပါတယ်။

အဲဒီပမာဏက အရင်နှစ်ကာလတူကုန်သွယ်မှုထက် ကန်ဒေါ်လာ သန်း ၃၁၀ နီးပါး လျော့ကျနေပြီး၊ ပို့ကုန်တင်ပို့မှုမှာ ၁၆၄ သန်းကျော်၊ သွင်းကုန်တင်သွင်းမူမှာ  ကန်ဒေါ်လာ ၁၄၅ သန်းကျော် လျော့ကျနေတာ ဖြစ်ပါတယ်။

ပို့ကုန်ကဏ္ဍမှာ သစ်တောထွက်ပစ္စည်းနဲ့  ရေထွက်ပစ္စည်း တင်ပို့မူ အရင်နှစ်ထက် ပမာဏများနေပြီး၊  မြန်မာနိုင်ငံရဲ့ အဓိကပို့ကုန်ဖြစ်တဲ့ လယ်ယာထွက်ကုန်ပစ္စည်း အပါအ၀င် ကျန်တင်ပို့ကုန်စည်အားလုံး တင်ပို့မူ လျော့ကျနေပါတယ်။ တင်သွင်းမှုပိုင်းမှာ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းတွေနဲ့ လူသုံးကုန်ပစ္စည်းတွေ တင်သွင်းမှု လျော့ကျခဲ့ပြီး၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းနဲ့ CMP ပစ္စည်းတင်သွင်းမှု မြင့်တက်လာပါတယ်။

စစ်ကောင်စီက အဆမတန် မြင့်တက်ခဲ့တဲ့ အမေရိကန်ဒေါ်လာငွေစျေးကို ထိန်းချုပ်နိုင်ဖို့  သွင်းကုန် လျှော့ချနိုင်မယ့် အစီအမံတွေကို လုပ်ဆောင်တဲ့အနေနဲ့ အရင်က ဖြေလျှော့ထားပြီးဖြစ်တဲ့  လိုင်စင်မလိုတဲ့ သွင်းကုန်ပစ္စည်း တော်တော်များများကို လာမယ့် ဇန်န၀ါရီ ၁ ရက်နေ့က စတင်ပြီး လိုင်စင်ပြန်လျှောက်ဖို့ အမိန့်ထုတ်တာတွေ လုပ်ဆောင်လာတာကို တွေ့ရပါတယ်။ 

အဲဒီလိုင်စင်စနစ်ကြောင့် ကုန်ပစ္စည်းတင်သွင်းရာမှာ အချိန်ကြန့်ကြာမှုတွေ ရှိလာနိုင်ပြီး စရိတ်စကတွေလည်း ပိုကုန်ကျလာနိုင်တယ်လို့ သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်ဒေါ်လာစျေးနဲ့အတူ ပြည်ပက တင်သွင်းတဲ့ သွင်းကုန်ပစ္စည်းစျေးနှုန်းတွေကလည်း အဆမတန်မြင့်တက်နေပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်က နိုင်ငံခြားငွေ ရောင်းစျေး၊ ၀ယ်စျေးကို ထိန်းချုပ်ကန့်သတ်လိုက်ပြီးတဲ့နောက် တရား၀င်  ငွေလွှဲကောင်တာတွေမှာ  ဒေါ်လာစျေး ပြန်လည်ကျဆင်းခဲ့ပေမဲ့ ရောင်းအားမရှိ ၀ယ်လိုအားသာရှိပြီး ပြင်ပစျေးကွက်မှာ အမေရိကန် ၁ ဒေါ်လာကို မြန်မာကျပ် ၁၉၀၀ အထက်မှာပဲ ဆက်လက်ရှိနေသးတယ်လို့ စုံစမ်းသိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013