DVB Logo
Home
မြန်မာသတင်း
နဘားမီးရထားရဲစခန်း စီးနင်းခံရ၊ ပုလဲ-ဂန့်ဂေါလမ်းတွင် PRA နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်
DVB
·
November 14, 2021
နဘားမီးရထားရဲစခန်း စီးနင်းခံရ၊ ပုလဲ-ဂန့်ဂေါလမ်းတွင် PRA နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်
1 / 4
Donate to DVB

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် နဘားမီးရထားရဲစခန်း စီးနင်းခံရပြီး ပုလဲ-ဂန့်ဂေါသွား ကားလမ်းမကြီးအပေါ်မှာလည်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့တော်လှန်ရေးတပ်မတော် (PRA) တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အင်းတော်မြို့နယ်၊ နဘားကျေးရွာမှာရှိတဲ့ နဘားမီးရထားရဲစခန်းကို နိုဝင်ဘာ ၁၃ ရက် ညနေ ၅ နာရီဝန်းကျင်က စီးနင်းခံလိုက်ရတယ်လို့ အဆိုပါရဲစခန်းနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းဆီက သိရပါတယ်။

နဘားမီးရထားရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေး အထူးပြောက်ကျားတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပြီး ၁၂ ဗို့ သေနတ် ၁ လက်၊ ၁၂ ဗို့ ကျည်ဆန်အတောင့် ၃၀၊ ခြောက်လုံးပြူးကျည် ၁၀ တောင့်၊ G2 ကျည် ၂ ကတ်၊ ကလေးကျည် ၅ တောင့်၊ ကျည်သေတ္တာ ၁ လုံးနဲ့ လက်တော့ကွန်ပျူတာ ၁ လုံးတို့ သိမ်းဆည်းခဲ့တယ်လို့ INDAW REVOLUTION - IR အဖွဲ့ရဲ့  ပြန်ကြားရေးတာဝန်ခံက အတည်ပြုပြောပါတယ်။

“အထူးပြောက်ကျားအဖွဲ့က တိုက်ခိုက်မှုကို လက်တွေ့လေ့ကျင့်တဲ့အနေနဲ့ အင်းတော်၊ နဘားမီးရထား ရဲတပ်ဖွဲ့ရုံးကို လျှပ်တပြက်ဝင်ရောက်စီးနင်းခဲ့ပြီး စစ်ကျွန်တွေကို နှိမ်နင်းခဲ့တာ မရှိဘဲ ဓမ္မနည်းနဲ့ ပစ္စည်းတွေကို ယူခဲ့တာဖြစ်ပါတယ်။” 

ညနေ ၆ နာရီဝန်းကျင်မှာတော့ အင်းတော်မြို့ကနေ အကြမ်းဖက်စစ်တပ် လက်အောက်ခံ တပ်သားတွေ ရောက်ရှိလာပြီး သေနတ်တွေ ပစ်ဖောက်ကာ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နဘားမီးရထားရဲစခန်း စီးနင်းခံရမှုနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ အင်းတော်မြို့နယ်၊ မြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့ရာ “အဲဒီကိစ္စ ပြောလို့မရပါဘူး” လို့ တာဝန်ကျရဲက ဖြေပါတယ်။

ပုလဲ-ဂန့်ဂေါသွား ကားလမ်းမကြီးအပေါ်မှာလည်း ပြည်သူ့တော်လှန်ရေးတပ်မတော် (PRA) နဲ့ စစ်ကောင်စီတပ်တို့ နိုဝင်ဘာ ၁၃ ရက် နေ့လယ် ၁ နာရီခွဲအချိန်လောက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

PRA တပ်ရင်း-၂ နဲ့ ပုလဲမြို့က မဟာမိတ် Pale PDF-Headquarters ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့တာလို့ ပြည်သူ့တော်လှန်ရေး PRA ခေါင်းဆောင် ဗိုလ်ဂျပန်ကြီးက ပြောပါတယ်။

“မျက်နှာချင်းဆိုင် သူပစ်၊ ကိုယ်ပစ် တိုက်ခဲ့တာ။ တိုက်ပွဲအချိန်က မိနစ် ၄၀ လောက် ကြာမယ်ဗျ။ ကျနော်တို့က နယ်မြေကျွမ်းကျင်မှု အသာစီးနဲ့တိုက်တာဆိုတော့ အထိအခိုက် အကျအဆုံး မရှိခဲ့ဘူး။ စစ်ကောင်စီဘက်ကတော့ ၂၁ ယောက်ထက်မနည်း သေသလို အထိအခိုက်လည်း များတယ်” လို့ ပြောပါတယ်။

PRA အဖွဲ့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်‌ကလည်း မကွေးတိုင်း၊ ကျောမြို့နယ်အတွင်းရှိ (ကပစ) လက်နက်ထုတ်စက်ရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်မှူးအဆင့်ရှိသူ ၁ ဦးနဲ့ တပ်သား ၁ ကို နေ့လယ် ၁ နာရီအချိန်လောက် ပုလဲ-ဂန့်ဂေါသွား ကားလမ်းမ တနေရာက ဖမ်းဆီးခေါ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013